မလေးရှားနိုင်ငံတွင် ကျင်းပတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ပြည်ထဲရေးဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

14 Sep

(၁၉) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးကို မလေးရှားနိုင်ငံ မလက္ကာမြို့၌ စက်တင်ဘာလ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်‌ရောက်ခဲ့ကြပါတယ်။ အဆိုပါ အစည်းအ‌ဝေး သို့ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ နှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာလ ၉ ရက်တွင် (၁၉) ကြိမ်မြောက် AMMTC နှင့်ဆက်စပ်အစည်းအဝေးများအတွက် အဆင့်မြင့် အရာရှိကြီးများ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေးများကိုလည်းကောင်း၊ စက်တင်ဘာလ ၁၀ ရက်တွင် (၁၉) ကြိမ်မြောက် AMMTC အစည်းအဝေးကိုလည်းကောင်း၊ စက်တင်ဘာလ ၁၁ ရက်တွင် အာဆီယံ၏ဆွေးနွေးဖက်နိုင်ငံများဖြစ်သော တရုတ်၊ ဂျပန်၊ ကိုရီးယား သုံးနိုင်ငံတို့နှင့် (၁၅)ကြိမ်မြောက် AMMTC + 3 အစည်းအဝေး၊ (၁၂) ကြိမ်မြောက် AMMTC + China အစည်းအဝေး၊ (၁၀) ကြိမ်မြောက် AMMTC + Japan အစည်းအဝေး၊ (၆) ကြိမ်မြောက် AMMTC + ROK အစည်း အဝေးတို့ကို လည်းကောင်း DoubleTree by Hilton ဟိုတယ်ရှိ Grand Ballroom ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ (၁၉) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများတွင် နိုင်ငံတကာအဆင့်၊ ဒေသအဆင့်နှင့် အမျိုးသားအဆင့် နိုင်ငံ ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်နေမှု၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား နိုင်ငံ ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက် နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အာဆီယံကြေညာချက်များနှင့် ပူးတွဲထုတ်ပြန်ချက်များကို အတည်ပြုခဲ့ ကြပါတယ်။ အဲဒီနောက် (၂၀) ကြိမ်မြောက် AMMTC နှင့်ဆက်စပ်အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့၌ လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

14 Sep

ADVERTISE HERE .