ကုလသမဂ္ဂ အထွေထွေညီလာခံက အစ္စရေးနှင့်ပါလက်စတိုင်းအတွက် နှစ်နိုင်ငံဖြေရှင်းချက်ကို ထောက်ခံအတည်ပြု
14 Sep
ကုလသမဂ္ဂ အထွေထွေညီလာခံက အစ္စရေးနှင့်ပါလက်စတိုင်းအတွက် နှစ်နိုင်ငံဖြေရှင်းချက်ကို ထောက်ခံသည့် ဆုံးဖြတ်ချက်ကို စက်တင်ဘာလ ၁၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ ၎င်းဆုံးဖြတ်ချက်သည် နယူးယောက် ကြေညာစာတမ်းဟု လူသိများသည့် ကြေညာချက်ကို အတည်ပြုထောက်ခံခြင်း ဖြစ်သည်။ အဆိုပါ ကြေညာချက်ကို မဲခွဲဆုံးဖြတ်ရာတွင် ဂျပန်နိုင်ငံအပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၁၄၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြသည်။ ၁၂ နိုင်ငံက ကြားနေမဲဖြစ်ပြီး အမေရိကန်နှင့် အစ္စရေးတို့ အပါအဝင် ၁၀ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စာတမ်းကို ပြင်သစ်နှင့်ဆော်ဒီအာရေးဗီးယား ပူးတွဲဥက္ကဋ္ဌများ က ဇူလိုင်လတွင်ကျင်းပသည့် ကုလသမဂ္ဂအဖွဲ့၏ ညီလာခံတစ်ခုတွင် တင်ပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါစာတမ်းသည် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံစလုံး၏ တရားဝင်ဆန္ဒများကို ဖြည့်ဆည်းရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။ ဂါဇာဒေသ၌ ဟားမတ်စ်အဖွဲ့၏အုပ်ချုပ်မှုကို အဆုံးသတ်ရန်နှင့် ၎င်း၏လက်နက်များကို ပါလက်စတိုင်း အာဏာပိုင်များထံ လွှဲပြောင်းပေးရန် ဟားမတ်စ်အဖွဲ့ကို စာတမ်းတွင် တိုက်တွန်းထားသည်။ ထို့ပြင် အရှေ့ဂျေရုဆလင် အပါအဝင် သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေအတွင်း အခြေချနေထိုင်မှုနှင့်သိမ်းယူမှုအားလုံးကို ချက်ချင်း ရပ်တန့်ရန် အစ္စရေးအစိုးရကိုလည်း တောင်းဆိုထားသည်။ အဆိုပါကြေညာချက်ကို မဲခွဲဆုံးဖြတ်ခြင်းမပြုမီ ကုလသမဂ္ဂ ဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီဒန်နွန်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ၎င်းကြေညာချက်သည် ငြိမ်းချမ်းရေးအတွက် အထောက် အကူပြုမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ စက်တင်ဘာလ ၂၂ ရက်တွင်ကျင်းပမည့် ကုလသမဂ္ဂ ထိပ်သီးညီလာခံအဆင့် ညီလာခံ၌ နှစ်နိုင်ငံဖြေရှင်းချက်ကို အကောင်အထည်ဖော်ပြီး ငြိမ်းချမ်းရေးအရှိန် ကို ထပ်မံမြှင့်တင်ရန် ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။ ပြင်သစ်နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့ကလည်း ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုကြောင်း ကြေညာဖွယ်ရှိသည်ဟု NHK သတင်းဌာနဖော်ပြချက်အရသိရသည်။