ဒီဇင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲသို့ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖိတ်ကြားသွားမည်
13 Sep
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ၂၀ ခန့်ကို ဖိတ်ကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်၌ စက်တင်ဘာ ၁၁ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး က ပြောကြားခဲ့ပါတယ်။ ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ၂၀ ဝန်းကျင်ကို ဖိတ်ကြားပြီး ရွေးကောက်ပွဲကျင်းပမှုကို စောင့်ကြည့်လေ့လာနိုင်အောင် အစီအစဉ်များ ရေးဆွဲထားတာရှိကြောင်းနဲ့ ၎င်းအဖွဲ့များကို သတ်မှတ်ချက်နဲ့အညီ ဖိတ်ကြားကာ လေ့လာစောင့်ကြည့်နိုင်ရေး ခွင့်ပြုသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲအား တရားမျှတမှု၊ အများယုံကြည်မှုရှိသော ရွေးကောက်ပွဲဖြစ်စေရန် ရည်ရွယ်ပြီး စောင့်ကြည့် လေ့လာရေးအစီအစဉ်များနှင့် ဆောင်ရွက်ခဲ့သည့် အစဉ်အလာများရှိလို့ လာမည့် ၂၀၂၅ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိပြီး အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်စေရန် အခုလို စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဖိတ်ကြားမည့်အဖွဲ့အစည်းများမှာ သံတမန်ရေးတွင် နိုင်ငံ့ကိုယ်စားဆောင်ရွက်နေသည့် မြန်မာနိုင်ငံအတွင်းရှိ သံရုံး/ကောင်စစ်ဝန်ရုံးအားလုံး၊ နိုင်ငံတကာအစိုးရများ၊ Electoral Management Body(EMB)ကော်မရှင်အဖွဲ့များနှင့် အခြားသောအဖွဲ့အစည်းများ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မည့် အဖွဲ့အစည်း များနှင့်ပတ်သက်၍ ထုတ်ပြန်ချက်များကို ထုတ်ပြန်ပေးမှာဖြစ်ပြီး ၎င်းအဖွဲ့အစည်းများအနေနဲ့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ (NVS 004)