ဒီဇင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲသည် သိက္ခာရှိသော၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ယာယီသမ္မတ ပြော
13 Sep
လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် သိက္ခာရှိသော၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် တာဝန်ရှိသူများအားလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးကပူးပေါင်းဆောင်ရွက်ကြရန် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာ မဲဆွယ်စည်းရုံးနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများက အလေးပေးဆောင်ရွက်ရန်၊ ရွေးကောက်ပွဲအောင်မြင်မှု မရှိစေရန်အတွက် အဖျက်အမှောင့်လုပ်ဆောင် လာသူများကို ထိရောက်စွာအရေးယူရန်၊ ရွေးကောက်ခံမည့် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်သူဖြစ်ရန်လိုပြီး ရွေးကောက်ပွဲအောင်မြင်စေရန် သက်ဆိုင်ရာ ဝန်ကြီးချုပ်များကဦးဆောင်၍ ဆောင်ရွက်ပေးကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)