အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တင်သွင်းလာသည့်ကုန်ပစ္စည်းများအပေါ် အီးယူနှင့် G7 အဖွဲ့က အခွန်တိုးမြှင့်ကောက်ခံရန် အမေရိကန်ကဆန္ဒရှိ
13 Sepအမေရိကန်အစိုးရအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့(အီးယူ)နှင့် စက်မှုအင်အားကြီးခုနစ်နိုင်ငံ(G7)တို့အား အိန္ဒိယ နှင့် တရုတ်နိုင်ငံ တို့မှတင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ဆန္ဒရှိနေကြောင်း FT သတင်းစာကဖော်ပြသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ရုရှားနိုင်ငံမှရေနံများကို ဆက်လက်ဝယ်ယူ တင်သွင်းနေခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ထရမ့်အစိုးရက ဥရောပသမဂ္ဂနှင့် G7 အဖွဲ့တို့အား တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်တွန်းချက်ကို G7 အဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးများက စက်တင်ဘာလ ၁၂ ရက်တွင် အမေရိကန်အစိုးရ အဖွဲ့မှအရာရှိများနှင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။ အမေရိကန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံမှရေနံဝယ်ယူမှုကို ငြင်းဆိုမည်ဆိုပါက အိန္ဒိယနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို အပြီးသတ်နိုင်မည်ဖြစ်သည်ဟု အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝပ်လက်နစ် က စက်တင်ဘာလ ၁၁ ရက်တွင် CNBC သတင်းဌာနနှင့် ပြုလုပ် ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားသည်။ ထို့ပြင် အမေရိကန်အစိုးရသည် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က ရုရှားနိုင်ငံမှ ရေနံဝယ်ယူနေမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ယင်းနိုင်ငံများမှတင်ပို့သည့် ပို့ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံသင့်ကြောင်းကို ယခု ရက်သတ္တပတ်အစောပိုင်းက ရှင်းလင်းစွာပြောကြားခဲ့ကြောင်း အမေရိကန်အရင်းအမြစ်တစ်ခုက ပြောကြားထား ကြောင်းသိရသည်။