“စာဆိုဗိမာန်အဆောက်အအုံတွင် ထားရှိမည့် “Logo အမှတ်တံဆိပ်” များအတွက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်”
12 Sep
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီ အထောက်အပံ့ဖြင့် တည်ဆောက်လျက်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဥယျာဉ်ရပ်ကွက် မြေတိုင်းရပ်ကွက် ၁၈-A၊ မြေကွက်အမှတ် (၂၉ ၏တစ်စိတ်တစ်ဒေသ)ရှိ မြေဧရိယာ ၂.၁၈ ဧက ပေါ်တွင် စာဆိုဗိမာန် သုံးထပ်(RC) အဆောက်အအုံအား တည်ဆောက်လျက်ရှိပါတယ်။ အဆိုပါ အဆောက်အအုံတွင် အထိမ်းအမှတ် Logo တံဆိပ်တပ်ဆင်နိုင်ရန်အတွက် လိုအပ်မည့်အမှတ်တံဆိပ်အား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း စာပေဗိမာန်ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ဖိတ်ခေါ်ထားကြောင်း သိရပါ တယ်။ ပါဝင်ယှဉ်ပြိုင်သူများအနေနဲ့ စာဆိုဗိမာန်အမည်နာမနှင့် လိုက်ဖက်မှုရှိရန်၊ စာဆိုတော်ကြီးများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရည်ညွှန်းနိုင်သည့် အချက်လက်များပါရှိစေရန်၊ ခေတ်အဆက်ဆက် မြန်မာစာပေသမိုင်းတွင် ထင်ရှားကျော်ကြားခဲ့ကြသည့် စာဆိုတော်ကြီးများ ဖန်တီးရေးဖွဲ့ခဲ့ကြသော စာပေလက်ရာများနှင့် နှီးနွှယ်မူပါရှိစေရန်နှင့် စာပေနှင့်ပတ်သက်သည့် ရှေးအခေါ်အဝေါ်များပါရှိရန် စတဲ့အချက်အလက်များကို ထည့်သွင်းစဉ်းစား ရေးဆွဲပေးရမှာ ဖြစ်ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် စည်းကမ်းသတ်မှတ်ချက်များမှာ Logo ဒီဇိုင်းရေးဆွဲရာတွင် File Format အား Al (သို့မဟုတ်).eps အဖြစ် ဒီဇိုင်းရေးဆွဲပေးရမည်ဖြစ်ကြောင်း၊ ဆုရ Logo တံဆိပ်အား မူပိုင်ခွင့်နှင့် ပတ်သက်၍ စာဆိုဗိမာန်က ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ရေးဆွဲထားကြောင်း ဝန်ခံကတိလက်မှတ် ရေးထိုးရမည် ဖြစ်ကြောင်း သတ်မှတ်ထားရှိပါတယ်။ ဆုအဖြစ် ရွေးချယ်ခံရသည့် Logo တံဆိပ်ရေးဆွဲသူအား ပထမဆု ငွေကျပ် သိန်းနှစ်ဆယ်၊ ဒုတိယဆု ငွေကျပ် ဆယ်သိန်း၊ တတိယဆု ငွေကျပ် ငါးသိန်း ဖြင့် ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်သူများအနေနဲ့ Logo ပေးပို့ရာတွင် (Hard Copy အဖြူ/အမည်း) နှစ်စုံ Soft Copy (CD) နှစ်စုံစီ၊ ပြိုင်ပွဲဝင်အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ကာလာဓာတ်ပုံ ၂ ပုံ(Passport Size)၊ ဆက်သွယ်ရန် လိပ်စာ၊ အမှန်တကယ်အသုံးပြုသည့် ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ စာတည်းမှူးချုပ်၊ စာပေဗိမာန်ရုံး၊ ၃၇ လမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁-၃၈၁၄၄၉ သို့ ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့ယှဉ်ပြိုင်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များကို စာပေဗိမာန် Website (www.sarpaybeikman-pol.gov.mm)နှင့် Facebook Page များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး သတ်မှတ်ရက်ကျော်လွန်၍ စည်းကမ်းချက်များနှင့် မပြည့်စုံသော Logo တံဆိပ် အား ထည့်သွင်းစဉ်းစားမှာမဟုတ်ကြောင်း အသိပေးထားပါတယ်။ စာဆိုဗိမာန်အဆောက်အအုံတွင် ထားရှိမည့် “Logo အမှတ် တံဆိပ်” ပြိုင်ပွဲ၌ ဆုရရှိတဲ့ ဒီဇိုင်းပညာရှင်ကို ဆုချီးမြှင့်နိုင်မည့်ရက်အား ထပ်မံကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)