“တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းများ အဆင့်အတန်းပြည့်မီစွာခင်းကျင်းပြသနိုင်ရေး ညှိနှိုင်းစည်းဝေးကျင်းပ”

12 Sep

(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းများ အဆင့်တန်းပြည့်မီစွာ ခင်းကျင်းပြသနိုင်ရေးအတွက် စက်တင်ဘာလ ၁၁ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံ ခန်းမတွင် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဒုတိယ ဝန်ကြီး ဦးကျော်ရွှေထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကုန်စည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ ကြပါတယ်။ ပြည်ထောင်စုဝန်ကြီးက တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် မှ ၂၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ကုန်စည်ပြခန်းဆောင်တွင် ပြခန်း ၁၂၀ ဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ စားသောက်ကုန်၊ ကော်ဖီ၊ အထည်အလိပ်၊ လက်မှုအနုပညာပစ္စည်းများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ပယင်း စတဲ့ ကျောက်မျက်လက်ဝတ်ရတနာများအပြင် မြန်မာနိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာနဲ့ဆက်စပ်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုပါ ခင်းကျင်းပြသသွားမှာဖြစ်လို့ မြန်မာ့ထုတ်ကုန်များ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ ဈေးကွက်ရရှိရေးအတွက် လိုက်ပါပြသမည့် ကုန်စည်လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် လိုအပ် ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကုန်စည်ပြပွဲသို့ တက်ရောက်ကြသူများအနေနဲ့ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တက်ရောက်လာ သူများနှင့် ရင်းနှီးမှုရရှိရေး၊ ဆက်သွယ်မှုရရှိရေးအတွက် သတင်းအချက်အလက်များစုဆောင်းကာ Business Networking ကို တည်ဆောက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ဖိတ်ခေါ်စေလိုကြောင်း နှင့် တရုတ်နိုင်ငံက သတ်မှတ်ထားသည့် ကုန်စည်ပြပွဲစည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာကြရန် ဆက်လက် ပြောကြားခဲ့ကြောင်း သိရပါတယ်။ (NVS-004)

12 Sep

ADVERTISE HERE .