“လက်မောင်းဒဏ်ရာကြောင့် ရာသီကုန်အထိနားရတော့မယ့် ဗြိတိန်တင်းနစ်သမား ဒရာပါ”

12 Sep

လက်မောင်းဒဏ်ရာကြောင့် ယူအက်စ်အိုးပင်း ဒုတိယအဆင့်ကနေ ထွက်ခဲ့ရတဲ့ ဗြိတိန်တင်းနစ်သမား ဒရာပါ ဟာ ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဗြိတိန်အဆင့် (၁) ဒရာပါဟာ ယူအက်စ်အိုးပင်း ဒုတိယအဆင့်ပွဲအဖြစ် ကစားနေချိန်မှာ လက်မောင်းဒဏ်ရာက နာကျင်လာတဲ့အတွက် ဆက်ပြီး မကစားနိုင်တော့ပဲ ပြိုင်ပွဲကနေထွက်လိုက်ရတာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် (၇) နေရာမှာရပ်တည်နေတဲ့ ဒရာပါ ဟာ ဘယ်ဘက်လက်မောင်းဒဏ်ရာကြောင့် ဝင်ဘယ်ဒန်ပြိုင်ပွဲ နောက်ပိုင်းတစ်ဦးချင်းပြိုင်ပွဲတွေ မကစားခဲ့ပေမယ့် ယူအက်စ်အိုးပင်းပြိုင်ပွဲအမီ ပြန်ကောင်းလာပြီလို့ ယူဆတဲ့အတွက် ပြိုင်ပွဲဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယအဆင့်ပွဲမှာပဲ ဒဏ်ရာကပြန်နာလာပြီးနောက် ဒဏ်ရာကိုစစ်ဆေးမှု တွေပြုလုပ်ခဲ့ရာ ရာသီကုန်အထိ အနားယူရမှာဖြစ်တယ်လို့ ဆေးစစ်ချက်ထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အေတီပီဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ချက်ကို ဒရာပါ အနေနဲ့ စွန်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ (NVS 008)

12 Sep

ADVERTISE HERE .