“ဗလင်စီယာနဲ့ပွဲကို နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ခွင့်မရသေးကြောင်း အတည်ပြုကြေညာခဲ့တဲ့ ဘာစီလိုနာအသင်း”
12 Sep
ဘာစီလိုနာအသင်းက အခုတစ်ပတ် ယှဉ်ပြိုင်ရမယ့် ဗလင်စီယာအသင်းနဲ့ပွဲစဉ်ကို နူးကမ့်ကွင်းမှာ ယှဉ်ပြိုင် ကစားဖို့ မျှော်မှန်းထားခဲ့ပေမယ့် ယှဉ်ပြိုင်ခွင့်မရသေးကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ နူးကမ့်ကွင်းကို ၂၀၂၃ ခုနှစ်ကတည်းက အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်မှုပြုလုပ် နေတာကြောင့် ရာသီအဖွင့်လာလီဂါ ၃ ပွဲစလုံးကို အဝေးကွင်းပွဲတွေအဖြစ်သာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ၂၀၂၃-၂၄ ရာသီနဲ့ ၂၀၂၄-၂၅ ရာသီတွေမှာလည်း အိမ်ကွင်းပွဲစဉ်တွေကို အိုလံပစ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းက ဗလင်စီယာအသင်းနဲ့ပွဲကစတင်ပြီး နူးကမ့်ကွင်းမှာ ပြန်လည်ကစားခွင့်ရဖို့ မျှော်မှန်းထားခဲ့ပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ခွင့်ပြုချက်ချမပေးသေးတာကြောင့် ပရိသတ် ၆,၀၀၀ သာဆံ့ပြီး အရန်အသင်းနဲ့ အမျိုးသမီးအသင်း အသုံးပြုနေတဲ့ ယိုဟန်ခရိုက်ဖ်ကွင်းမှာသာ ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အိုလံပစ်ကွင်း မှာက ဘာစီလိုနာ-ဗလင်စီယာပွဲမတိုင်ခင်ရက်မှာ ဂီတဖျော်ဖြေပွဲကျင်းပဖို့ရှိနေတာကြောင့် အဆိုပါကွင်းကို အသုံးမပြု နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)