“မက္ကဆီကိုနိုင်ငံ၌ လောင်စာဆီသယ်ယာဉ်ပေါက်ကွဲမှုကြောင့် ၅၇ ဦး ဒဏ်ရာရရှိ”
12 Sep
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး၌ စက်တင်ဘာလ ၁၀ ရက်က ဓာတ်ငွေ့သယ် ထရပ်ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ၅၇ ဦး ဒဏ်ရာရရှိပြီး ၎င်းတို့အနက် ၁၉ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။ ပေါက်ကွဲမှုမှာ ကွန်ကော်ဒီယာတံတားအောက်ရှိ ဇာရာဂိုဇာလမ်းပေါ်၌ ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း မက္ကဆီကိုမြို့တော်အစိုးရအကြီးအကဲဖြစ်သူ ကလဲရာဘရူဂါဒါ မိုလီနာ က လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း X တွင် ပြောကြားသည်။ လီတာ ၄၉,၅၀၀ ဆံ့ လောင်စာဆီသယ်ယာဉ်တစ်စီးမှာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ဝန်းကျင်က တိမ်းမှောက်ခဲ့ရာ ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဒေသတွင်းမီဒီယာများကို ပြောကြားသည်။ အဆိုပါပေါက်ကွဲမှုကြောင့် အခြားယာဉ် ၁၈ စီးလည်း ထိခိုက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြား ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။