“အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများကို စစ်ဆေးမှုပြန်လည်စတင်ရန် အီရန်နှင့်နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီတို့ သဘောတူ”
12 Sep
အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများကို စစ်ဆေးမှုပြန်လည်စတင်ရန် အီရန်နှင့်နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီတို့က သဘောတူညီခဲ့ကြောင်း သိရသည်။ အီရန်တွင် စစ်ဆေးရေးများ ပြန်လည်စတင်ရန် လက်တွေ့ကျ သော နည်းလမ်းများကို ကြိုဆိုပါကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က စက်တင်ဘာလ ၁၀ ရက်တွင် ပြောကြားသည်။ စစ်ဆေးမှုအစီအစဉ်များတွင် အမေရိကန်နှင့်အစ္စရေးတို့ တိုက်ခိုက်ခဲ့ သော နျူကလီးယားစက်ရုံများအပါအဝင် အခြားနေရာအားလုံးအကျုံးဝင်မည်ဖြစ်ကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီအကြီးအကဲ ရာဖာဂရိုစီက စက်တင်ဘာလ ၁၀ ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂနျူကလီးယား စောင့်ကြည့် ရေးအဖွဲ့၏ အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် ပြောကြားကြောင်း သိရသည်။ တစ်ချိန်တည်း၌ပင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘာ့စ် အာရတ်ချီက ယင်းကဲ့သို့ စစ်ဆေးမှုများ ပြန်လည် စတင်ရန် နောက်ထပ်ဆွေးနွေးမှုများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီနှင့် သဘောတူညီထားသည့် အရေးအကြီးဆုံးအချက်မှာ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုတွင် ယခင်က ဆောင်ရွက်ခဲ့ သည့်အတိုင်းမဟုတ်ဘဲ ပုံစံအသစ်၊ မူဘောင်အသစ်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘာ့စ်အာရတ်ချီ က ပြောကြားသည်။ ဇွန်လက ၎င်း၏နျူကလီးယားစက်ရုံများကို အမေရိကန်နှင့်အစ္စရေးတို့ တိုက်ခိုက်ခဲ့ပြီးနောက် အီရန်သည် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီနှင့် ၎င်း၏ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။ ယခုသဘောတူညီချက်သည် အီရန်ရှိ နျူကလီးယားစက်ရုံများကို အပြည့်အဝစစ်ဆေးခြင်း ပြန်လည် စတင်နိုင်ရေးအတွက် ဆောင်ကျဉ်းပေးနိုင်မည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း NHK သတင်း ဌာနဖော်ပြချက်အရ သိရသည်။