“မြန်မာ့ရိုးရာခြင်းလုံးအားကစားကို လာမည့် ၂၀၂၆ ခုနှစ်တွင် ယူနက်စကိုသို့ တင်သွင်းနိုင်ရန် ကြိုးပမ်း”
12 Sep
မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းပညာကို လာမည့် ၂၀၂၆ ခုနှစ်တွင် ယူနက်စကိုသို့ တင်သွင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ သိရပါတယ်။ မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားခြင်းကို ခြင်းလုံးအစမြန်မာကဆိုသည့် ဆိုရိုးစကားနှင့်အညီ ကမ္ဘာသို့တိုင်အောင် ဖော်ဆောင်နိုင်ရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်နိုင်ရန်အတွက် ယူနက်စကိုသို့ တင်သွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ မြန်မာ့ခြင်းလုံးအားကစားနည်းပညာအနေဖြင့် ယူနက်စကိုအသိအမှတ်ပြုခံရပါက အဓိကအချက်များအနေဖြင့် ခြင်းလုံးအားကစားကို ကမ္ဘာမှပိုမိုသိရှိလာခြင်း၊ ကမ္ဘာမှသိရှိလာပါက ကစားမည့်သူများလာခြင်း၊ ကစားမည့်သူများလာပါ က နိုင်ငံတကာမှ အထောက်အပံ့နှင့် ဆိုရှယ်မီဒီယာများ၏ အထောက်အပံ့များဖြင့် တိုးတက်ကြီးပွားအောင်မြင် စေတဲ့အတွက် အကျိုးဆက်အနေဖြင့် ခြင်းလုံးပြုလုပ်သူများ၊ ခြင်းလုံးခတ်သူများနှင့် ခြင်းလုံးခတ်ဖိနပ်ပြုလုပ်သူ များ စသည်တို့ နေရာရရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်သို့ ဦးတည်နေခြင်းဖြစ်တဲ့အတွက် စိတ်ပါဝင်စားတဲ့ သူများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်ခြင်းဖြင့် မြန်မာ့ခြင်းလုံးအားကစားပညာကို ကမ္ဘာ့ပလက်ဖောင်းပေါ်သို့ ရောက်ရှိရန် အစခြေလှမ်းဟု ပြောနိုင်ကြောင်းနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အနေနဲ့ တူရကီနိုင်ငံမှ ပြုလုပ်မည့် အားကစားနည်း ဖိုရမ်သို့ တက်ရောက်၍ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို နိုင်ငံတကာမှစိတ်ဝင်စားပြီး ပိုမိုကျယ်ပြန့်အောင် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကာ အရှေ့တောင်အာရှမှ အာရှ၊ ဥရောပအထိ တိုးတက်ကျယ်ပြန့်အောင် ပြုလုပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)