ဟားမက်စ်အဖွဲ့ကို လက်ခံထားသည့် နိုင်ငံများမှာ အစ္စရေး၏ နောက်ထပ်ပစ်မှတ်ဖြစ်နိုင်ဟု အစ္စရေး ဝန်ကြီးချုပ် ပြော

11 Sep

ဟားမက်စ်ခေါင်းဆောင်များနှင့် အစ္စရေးက ရန်သူအဖြစ်သတ်မှတ်ထားသော အခြားအဖွဲ့အစည်းများကို လက်ခံထားသည့် နိုင်ငံများအနေဖြင့် ယင်းအဖွဲ့အစည်းများအပေါ် အရေးယူဆောင်ရွက်ခြင်းမရှိပါက အဆိုပါနိုင်ငံ များသည်လည်း ပစ်မှတ်ဖြစ်လာနိုင်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က စက်တင်ဘာလ ၁၀ ရက်၌ သတိပေးခဲ့သည်။ အစ္စရေးက ဒိုဟာ၌ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့် နိုင်ငံတကာမှ ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချမှုများ အလျင်အမြန်ထွက်ပေါ်လာခဲ့ပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ “အကြမ်းဖက်သမားတွေကို လက်ခံထားတဲ့ ကာတာအပါအဝင် နိုင်ငံအားလုံးအနေနဲ့ အဲဒီအကြမ်းဖက် သမားတွေကို မောင်းထုတ်ဖို့ ဒါမှမဟုတ် တရားဥပဒေအရ ပြစ်ဒဏ်စီရင်ဖို့ ပြောချင်ပါတယ်။ သင်တို့ဘက်က အဲဒီလိုမလုပ်ဘူးဆိုရင် ကျွန်တော်တို့ လုပ်ရပါလိမ့်မယ်” ဟု နေတန်ယာဟု က ဗီဒီယိုမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ လူ ၁,၂၀၀ ခန့် သေဆုံးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် တိုက်ခိုက်မှုအတွက် တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့သည့် ဟားမက်စ်အဖွဲ့ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှုဖြစ်ကြောင်း အစ္စရေး အာဏာပိုင်များက ထုတ်ဖော်ပြောဆိုထားသည့် ဖြစ်စဉ်အတွင်း ဟားမက်စ်အကြီးတန်းတာဝန်ရှိသူများ အသုံးပြု နေသည့် ဒိုဟာမြို့ရှိ အဆောက်အအုံတစ်လုံးအား စက်တင်ဘာလ ၉ ရက်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ် ခဲ့သည့် ရလဒ်အား အစ္စရေးဘက်က အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ဟားမက်စ် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အမေရိကန်ကတင်သွင်းသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်သစ်နှင့် စပ်လျဉ်း၍ ဆွေးနွေးနေချိန်တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဟားမက်စ်တို့က စက်တင်ဘာလ ၉ ရက်၌ ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းရေးအဖွဲ့မှာ ယင်းတိုက်ခိုက်မှုမှ လွတ်မြောက် ခဲ့သော်လည်း အခြားသူခြောက်ဦး သေဆုံးခဲ့သည်ဟု ဟားမက်စ်အဖွဲ့က ဆိုသည်။ ထိုတိုက်ခိုက်မှုမှာ သတ်မှတ်ထားသည့်ပစ်မှတ်များကို ထိမှန်ခဲ့ခြင်းမရှိဟုဆိုသော ခန့်မှန်းချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်ဟု အစ္စရေးနိုင်ငံပိုင်ရုပ်သံ Kan TV က စက်တင်ဘာလ ၁၀ ရက်၌ ထုတ်လွှင့်ဖော်ပြခဲ့သည်။ ကာတာနိုင်ငံက မိမိတို့အနေဖြင့် အစ္စရေး၏ တိုက်ခိုက်မှုအား တုံ့ပြန်ရန်နှင့် နောင်တွင် တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားအောင် တားဆီးရန် “ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်နည်း” ကို ကျင့်သုံးမည်ဖြစ်ကြောင်း၊ မိမိတို့၏ အချုပ်အခြာအာဏာအား ထိပါးချိုးဖောက်မှုမှန်သမျှကို သည်းခံမည်မဟုတ်ကြောင်း အခိုင်အမာပြောကြား ထားသည်။ ထိုအတောအတွင်း အစ္စရေးစစ်တပ်က ဂါဇာဒေသ၌ ထိုးစစ်ဆင်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကာ အစ္စရေးလေတပ်က လွန်ခဲ့သောသီတင်းပတ်မှစ၍ ဂါဇာမြို့ရှိ နေရာပေါင်း ၃၆၀ အား သုံးသုတ်ခွဲ၍ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဂါဇာဒေသအနှံ့တွင် စက်တင်ဘာလ ၁၀ ရက်က လူပေါင်း ၄၁ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့သည့် အတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ဂါဇာဒေသတွင် သေဆုံးသူပေါင်း ၆၄,၆၅၆ ဦး ရှိလာပြီ ဖြစ်ကြောင်း၊ အစ္စရေး၏ထိုးစစ်ကြောင့် ဂါဇာဒေသ၏ နေရာအများအပြားမှာ အကြီးအကျယ်ပျက်စီးခဲ့ရပြီး ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဂါဇာအခြေစိုက် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

11 Sep

ADVERTISE HERE .