ကာတာနိုင်ငံအတွင်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုက လက်ခံနိုင်စရာမရှိကြောင်း ဂျာမန်ဝန်ကြီးချုပ် ပြစ်တင်ရှုတ်ချ
11 Sep
ကာတာနိုင်ငံ၏မြို့တော် ဒိုဟာ၌ အစ္စရေးပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုသည် ကာတာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ချိုးဖောက်ပြီး လက်ခံနိုင်စရာမရှိကြောင်း ဂျာမနီနိုင်ငံ၏ ဝန်ကြီးချုပ် Friedrich Merz က စက်တင်ဘာလ ၉ ရက်က ပြစ်တင်ရှုတ်ချခဲ့သည်။ ဂျာမနီနိုင်ငံဖက်ဒရယ်အစိုးရ၏ ထုတ်ပြန်ချက်တစ်ခုအရ ကာတာနိုင်ငံစော်ဘွား ရှိတ်တာမင် ဘင်ဟာ မက်ဒ် အယ်လ်သာနီ နှင့် ဖုန်းခေါ်ဆိုမှုတစ်ခုအတွင်း ဝန်ကြီးချုပ် Friedrich Merz ထိတ်လန့်အံ့အားသင့်မှုကို ဖော်ပြခဲ့ကြောင်း၊ ထို့ပြင် စစ်ပွဲကို ဒေသတစ်ခုလုံးသို့ လုံးဝမချဲ့ထွင်ရဟုလည်း Merz က အလေးပေး ပြောကြား ခဲ့ကြောင်း သိရသည်။ အဆိုပါအခြေအနေနှင့်စပ်လျဥ်း၍ ဂျာမနီအစိုးရသည် ယင်းအခြေအနေကို အလေးထားကာ အစ္စရေး အစိုးရနှင့် အနီးကပ်ဆက်သွယ်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အလားတူ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul ကလည်း အစ္စရေး၏တိုက်ခိုက်မှုသည် လက်ခံနိုင်စရာမရှိကြောင်း စက်တင်ဘာလ ၉ ရက်က ပြောဆိုခဲ့ပြီး အဆိုပါတိုက်ခိုက်မှုက ဖမ်းဆီးထားသော ဓားစာခံများကို ဟားမက်စ်တို့က ပြန်လည်လွှတ်ပေးရေးညှိနှိုင်းမှုများအပေါ် ထိခိုက်စေနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။ Wadephul က ဖမ်းဆီးခံထားရသည့် ဓားစာခံများ၏ အသက်နှင့်လုံခြုံရေး၊ အထူးသဖြင့် အဆိုပါ ဓားစာခံများအနက်မှ ဂျာမနီနိုင်ငံသားများအတွက် ၎င်း၏စိုးရိမ်မှုကို သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။