စစ်အင်အား တိုးမြှင့်ဖြန့်ကြက်မှု၊ မူးယစ်ဆေးဝါးပြဿနာတို့နှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ဗင်နီဇွဲလား တို့အကြား တင်းမာမှုများမြင့်တက်
11 Sep
စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ်လုပ်ဆောင်လာခြင်းနှင့် ကာရေဘီယံဒေသ၌ မူးယစ်ကုန်ကူးမှု များနှင့် ဆက်နွှယ်သည့် စွပ်စွဲပြောဆိုချက်များကြောင့် အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား တင်းမာမှုများ အရှိန်မြင့်တက်လျက်ရှိသည်။ လက်တင်အမေရိကရှိ မူးယစ်ဂိုဏ်းများကို ပစ်မှတ်ထားလျက် စစ်အင်အားတိုးမြှင့်ချထားမှု တစ်စိတ် တစ်ဒေသအဖြစ် ပွာတိုရီကိုဒေသသို့ F-35 ဂျက်တိုက်လေယာဉ် ၁၀ စင်း ထပ်မံဖြန့်ကြက်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာခဲ့ချိန်တွင် လိပ်ခဲတည်းလည်းဖြစ်ပွားမှု ပိုမိုအရှိန်မြင့်တက် လာခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက စက်တင်ဘာလ ၅ ရက်၌ ဖော်ပြခဲ့သည်။ အဆိုပါ ဂျက်တိုက်လေယာဉ်များမှာ ထောင်နှင့်ချီသည့် ရေတပ်တပ်ဖွဲ့ဝင်နှင့် မရိန်းတပ်ဖွဲ့ဝင်များကို တင်ဆောင်ထားသော ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများနှင့် ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘောများ အပါအဝင် ကာရေဘီယံဒေသ၌ တပ်ဖြန့်ထားပြီးဖြစ်သည့် အမေရိကန်စစ်သင်္ဘောများနှင့် ပူးပေါင်းသွားမည် ဖြစ်သည်။ အမေရိကန်က ယခုနှစ်အစောပိုင်းတွင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သည့် ဗင်နီဇွဲလား ရာဇဝတ် ဂိုဏ်း ထရန်ဒီ အာရာဂွါ က အသုံးပြုနေသည်ဟုဆိုသော သင်္ဘောငယ်တစ်စင်းအား အမေရိကန်က စက်တင်ဘာလ ၂ ရက်၌ တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် ယခုကဲ့သို့ စစ်အင်အားတိုးမြှင့် ချထားခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ကာ ၎င်းဖြစ်စဉ်သည် လက်တင်အမေရိကတွင် အမေရိကန်က တိုက်ရိုက်လုပ်ဆောင်ခဲ့သည့် ကြုံတောင့်ကြုံခဲ စစ်ရေးလှုပ်ရှားမှုတစ်ခုလည်းဖြစ်သည်။ “အကြမ်းဖက်သမားတွေက နိုင်ငံတကာ ပင်လယ်ရေပိုင်နက်ထဲမှာ အမေရိကန်နိုင်ငံဆီ ဦးတည်ပြီး တရားမဝင် မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာချိန်မှာ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ” ဟု ထရမ့်က Truth Social ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ရေးသားခဲ့သော်လည်း ယင်းကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ဗင်နီဇွဲလား တာဝန်ရှိသူများကမူ ထရမ့် မျှဝေခဲ့သော တိုက်ခိုက်မှုဗီဒီယိုမှတ်တမ်း၏ ခိုင်မာမှန်ကန်မှု အပေါ် မေးခွန်းထုတ်ခဲ့ကာ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီး ဖရက်ဒီ နာနက်ဇ် ကလည်း ယင်းဗီဒီယို မှတ်တမ်းအား AI နည်းပညာဖြင့် ဖန်တီးထားပုံရသည်ဟု ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။ အမေရိကန်က တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး သုံးရက်အကြာ၌ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို က နိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်သွားမည်ဟု အခိုင်အမာပြောကြားခဲ့ပြီး ပဋိပက္ခကို ရှောင်ရှားနိုင်ရေး အတွက် ဆွေးနွေးမှုများပြုလုပ်ရန် ထရမ့် အား တိုက်တွန်းခဲ့သည်။ မာဒူရို က အမေရိကန်၏စစ်ဆင်ရေးမှာ “ဥပဒေနှင့်ညီညွတ်ခြင်းမရှိ” ဟု ရှုတ်ချခဲ့သည်။ ထို့ပြင် အမေရိကန်အနေဖြင့် ဗင်နီဇွဲလားတွင် အစိုးရအပြောင်းအလဲ ဖြစ်ပေါ်စေရန် ကြိုးပမ်းနေခြင်းကို အကြောင်းပြရန် မူးယစ်ကုန်ကူးမှုများဟုဆိုကာ လုပ်ကြံဇာတ်လမ်း ဖန်တီးနေခြင်းဖြစ်ကြောင်း ၎င်းကစွပ်စွဲခဲ့ပြီး ဗင်နီဇွဲလားတွင် ကိုကာပင်စိုက်ပျိုးမှုနှင့် ကိုကင်းထုတ်လုပ်မှု ကင်းစင်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ “အမေရိကန်အစိုးရအနေနဲ့ ဗင်နီဇွဲလားမှာရော လက်တင်အမေရိကဒေသ တစ်ခုလုံးမှာပါ အစိုးရ အပြောင်းအလဲဖြစ်အောင် အတင်းအဓမ္မလုပ်ယူနေတဲ့ အစီအစဉ်ကို စွန့်လွှတ်ပြီး အချုပ်အခြာအာဏာ၊ ငြိမ်းချမ်းမှု နဲ့ လွတ်လပ်မှု အခွင့်အရေးတွေကို လေးစားသင့်ပါတယ်” ဟု မာဒူရို က ဗင်နီဇွဲလားနိုင်ငံပိုင်ရုပ်သံသို့ ပြောကြား ခဲ့သည်။ ထရမ့် ကလည်း အမေရိကန်အနေဖြင့် အစိုးရအပြောင်းအလဲဖြစ်ရေးအား ရည်ရွယ်ပြောဆိုနေခြင်း မဟုတ်ဟု စက်တင်ဘာလ ၅ ရက်က တုံ့ပြန်ခဲ့သော်လည်း မူးယစ်ဆေးဝါးကြောင့် အမေရိကန်ပြည်သူများ သေဆုံး ခဲ့မှုနှင့် စစ်အတွင်းက လူအသေအပျောက် ဖြစ်ပွားမှုများကို နှိုင်းယှဉ်ပြခဲ့သည်။ ဗင်နီဇွဲလား အတိုက်အခံအင်အားစုကမူ အမေရိကန်၏သဘောထားမှာ မာဒူရို ၏ အုပ်ချုပ်နိုင်စွမ်း လျော့ကျလာသည့် အထောက်အထားဖြစ်သည်ဟု ရည်ညွှန်းပြောဆိုခဲ့သည်။ အမေရိကန်အနေဖြင့် ဗင်နီဇွဲလား အစိုးရကို ထိပ်တိုက်ရင်ဆိုင်ရာတွင် “မှန်ကန်သော ချဉ်းကပ်နည်း”ကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်ဟု အတိုက်အခံ ခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို က Fox News ရုပ်သံသို့ ပြောကြားခဲ့သည်။ မာဒူရို က ကမ်းရိုးတန်းဒေသများနှင့် နယ်စပ်ဒေသများသို့ တပ်ဖွဲ့ဝင်အင်အား ၂၅,၀၀၀ တပ်ဖြန့် ထားကြောင်း စက်တင်ဘာလ ၇ ရက်က ကြေညာခဲ့ကာ ကိုလံဘီယာနိုင်ငံနှင့် ထိစပ်နေသည့် ဇူလီယာနှင့် တာချီရာ ပြည်နယ်တို့တွင် မူလတပ်စွဲထားသည့် တပ်အင်အားကို နှစ်ဆကျော်တိုးမြှင့်ခဲ့သည်။ ထရမ့် အနေဖြင့် ဗင်နီဇွဲလားပိုင်နက်အတွင်း တိုက်ခိုက်မှုများ ပြုလုပ်ဖွယ်ရှိခြင်းအပါအဝင် ဗင်နီဇွဲလား မူးယစ်ဂိုဏ်းများအား စစ်ရေးအရတိုက်ခိုက်ခြင်းအတွက် နည်းလမ်းများကို ချိန်ဆနေဆဲဖြစ်သည်ဟု သတင်း ရင်းမြစ်အများအပြားကို ကိုးကား၍ CNN သတင်းဌာနက စက်တင်ဘာလ ၅ ရက်၌ ဖော်ပြခဲ့သည်။