“တောင်ကိုရီးယားစစ်သည်များ စစ်ရေးလေ့ကျင့်စဉ် ခဲယမ်းပေါက်ကွဲမှုဖြစ်ပွား၊ အနည်းဆုံးစစ်သည် ၁၀ ဦး ဒဏ်ရာရ”
11 Sep
တောင်ကိုရီးယားနိုင်ငံ၌ စစ်သည်များက စစ်ရေးလေ့ကျင့်နေစဉ် ဗလာခဲယမ်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အနည်းဆုံးစစ်သည် ၁၀ ဦး ဒဏ်ရာရရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန် ထားသည်။ စစ်ရေးလေ့ကျင့်မှုလုပ်သည့်နေရာက မြောက်ကိုရီးယားနိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ပါဂျူးမြို့ရှိ စစ်စခန်း တစ်ခုတွင်ဖြစ်ကြောင်း၊ အမြောက်တပ်ဖွဲ့ က အမြောက်ပစ်ခတ်မှု လုပ်ငန်းစဉ်ကို လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ သို့သော် ကျည်စစ်ကျည်မှန်များကိုအသုံးပြုထားခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။ အဆိုပါ အမြောက်တပ်ဖွဲ့သည် K9 အမျိုးအစား ဟောင်ဝစ်ဇာ များ၏ ပစ်ခတ်မှုလုပ်ငန်းစဉ်ကို လေ့ကျင့်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့လေ့ကျင့်စဉ်ဗလာခဲယမ်းများကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထိုခဲယမ်းများက မမျှော်လင့်ဘဲ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိမှုများရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် စစ်သည်များကို ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း၊ ထိုကဲ့သို့ ဗလာခဲယမ်းပေါက်ကွဲမှုဖြစ်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် ပါဂျူးမြို့သည် ဆိုးလ်မြို့ မှ မိုင် ၃၀ ခန့်အကွာတွင်ရှိကြောင်း SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။