“၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း ၉၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး”

11 Sep

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းက လက်ရှိအချိန်မှာ စီမံကိန်းတစ်ခုလုံးအနေနဲ့ ၉၁ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာလ ၉ ရက် မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ကြည့်ရှုစစ်ဆေးစဥ် ပြည်ထောင်စုဝန်ကြီးက အရည်အသွေးစံချိန်စံညွှန်းပြည့်မီအောင် အလေးထားဆောင်ရွက် သွားရန်၊ ဓာတ်အားခွဲရုံစီမံကိန်းအဝင်လမ်းဖောက်လုပ်ရာမှာ အမြန်လမ်းမကြီး နယ်နိမိတ်နှင့် လွတ်ကင်းအောင် ဖောက်လုပ်သွားရန်၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေးနှင့် ကျန်ရှိသည့် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေးကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပါတယ်။ ယခုအကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက် ပြီးစီးပါက ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိတဲ့ လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီဗို့အားဖြင့် လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်ပေးလျက် ရှိပြီး ၅၀၀ ကေဗွီစနစ်နဲ့ ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများတည်ဆောက်ခြင်းအပါအဝင် စီမံကိန်းတစ်ခုလုံးကို ၂၀၂၅ ခုနှစ်ဧပြီလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

11 Sep

ADVERTISE HERE .