“ရန်ကုန် – ချန်ဒူး ခရီးသည်တင်လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲနိုင်ရန် ညှိနှိုင်းနေ”
11 Sep
ကိုဗစ်ကာလမှာ ရပ်နားခဲ့ရတဲ့ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့သို့ ခရီးသည်တင် လေကြောင်းလိုင်းများကို ပြန်လည်ပြေးဆွဲနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံနှင့် စီချွမ်ပြည်နယ်တို့အကြား စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင် ရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူအချင်းချင်း ကူးလူး ဆက်ဆံနိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ်ကာလကတည်းက ရပ်ဆိုင်းထားခဲ့တဲ့ ရန်ကုန်-ချန်ဒူး ခရီးသည်တင်လေကြောင်းလိုင်းများကို ပြန်လည်ပြေးဆွဲနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ အလားတူ စီချွမ်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့အကြား စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးအတွက် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ချန်ဒူးမြို့နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တို့အကြားမှာ ချစ်ကြည်ရေးညီအစ်မမြို့တည်ထောင်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးသွားရန်ရှိကြောင်းလည်း သိရပါတယ်။(NVS 004)