“ဆိုက်ဘာလုံခြုံရေးနှင့် အင်တာနက်အသုံးပြုခြင်းကိစ္စများမှာ တရားမဝင်ဆောင်ရွက်ချက်များ ဖော်ထုတ်အရေးယူ”

11 Sep

မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဥပဒေအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်မှာ အာဏာတည်၍ ဆိုက်ဘာလုံခြုံရေးနှင့် အင်တာနက်အသုံးပြုခြင်း ကိစ္စများတွင် တရားမဝင် ဆောင်ရွက်ချက်များအပေါ် ဖော်ထုတ်အရေးယူရန် ဆောင်ရွက်ထားကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး ၏ ပြောကြားခဲ့ပါတယ်။ ယူဂန်ဒါနိုင်ငံရှေ့နေချုပ် Mr. Kiryowa Kiwanuka ၏ဖိတ်ကြားချက်အရ ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ စက်တင်ဘာလ ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပလျက်ရှိတဲ့ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO)၏ (၆၃) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ဥပဒေရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်လျက်ရှိပါတယ်။ နှစ်ပတ်လည်အစည်းအဝေးမှာ မြန်မာနိုင်ငံက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention against Corruption – UN CAC) ကို လက်မှတ်ရေးထိုးပြီး ပြည်တွင်းဥပဒေမူဘောင်၊ စည်းမျဉ်းစည်းကမ်းများချမှတ်၍ အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အာကာသပိုင်နက်နှင့်စပ်လျဉ်း၍ အာကာသ သည် လူသားတိုင်းနှင့်သက်ဆိုင်ပြီး နိုင်ငံများ၏ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးမှု အဆင့်အပေါ်မသတ်မှတ်ဘဲ လူသားအားလုံး တန်းတူညီမျှ ရရှိပိုင်ဆိုင်ခွင့်ရှိစေရမည်ဟူသောမူဝါဒကို မြန်မာနိုင်ငံမှ လက်ခံကျင့်သုံးလျက်ရှိကြောင်း၊ အာကာသ အသုံးပြုခြင်းကို တန်းတူညီမျှမှုဖြစ်စေရေးအတွက် နည်းပညာများမျှဝေခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးခြင်းတို့ကို နိုင်ငံများက ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒေါက်တာ ထိန်လင်းဦး က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယနေ့ကာလမှာ ဆိုက်ဘာမှုခင်းများ၏ အန္တရာယ်ကို နိုင်ငံတိုင်းက ရင်ဆိုင်ရလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့(AALCO)မှာ စဉ်ဆက်မပြတ်တက်ကြွစွာပါဝင်ခဲ့ပြီး ဆက်လက်၍ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ ဒါအပြင်နှစ်ပတ်လည်အစည်းအဝေးမှာ ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က အပြည်ပြည်ဆိုင်ရာဥပဒေကော်မရှင် (International Law Commission-ILC)မှ ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းစဉ်များ၊ ပင်လယ်ပြင်ဆိုင်ရာဥပဒေ၊ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု ဥပဒေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။(NVS 004)

11 Sep

ADVERTISE HERE .