“အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီကြွချီ လှည့်လည် ပူဇော်ခံမည်”
10 Sep
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် ယခုနှစ်မှာ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၏ ကုသိုလ်သဒ္ဓါအကျိုးရရှိပွားများစေရေးအတွက် အင်းလေးဒေသဝဲယာ ၂၁ ဌာနသို့ ရိုးရာအစဉ်အလာအတိုင်း စက်တင်ဘာလ ၂၂ ရက်မှ အောက်တိုဘာလ ၉ ရက်အထိ ၁၈ ရက်တိုင်တိုင် ဒေသစာရီကြွချီ ပူဇော်ခံလှည့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ လှည့်လည်ပူဇော်ရာတွင် စက်တင်ဘာလ ၂၂ ရက် (သီတင်းကျွတ်လဆန်း ၁ ရက်) နံနက် ၅ နာရီမှစတင်ကာ မူလသီတင်းသုံးစံပယ်တော်မူရာ ရတနာကျောင်းတော်၌ ရောင်ခြည်တော်ဖွင့်ခြင်းနှင့် အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပ၍ နံနက် ၇ နာရီတွင် ရတနာ စံကျောင်းတော်မှ ကရဝိက်ဖောင်တော်ဖြင့် ကျေးပေါခုံဌာနသို့ စတင်ပင့်ဆောင်ပူဇော်သွားမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်(သီတင်းကျွတ်လဆန်း ၇ ရက်) နံနက်တွင် ညောင်ရွှေမြို့ ဌာနသို့ ဆိုက်ရောက်၍ သုံးရက် အကြာ ကိန်းဝပ်ပူဇော်ခံပြီး အောက်တိုဘာလ ၉ ရက်(သီတင်းကျွတ်လပြည့်ကျော် ၃ ရက်)မှာ မူလသီတင်းသုံးတော်မူရာ ရတနာစံကျောင်းတော်သို့ ပြန်လည်ကြွချီ၍ စံကျောင်းတော်ဝင်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်ကာလအတွင်းမှာ အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ အကြိုပွဲစဉ်များ အဖြစ် စက်တင်ဘာလ ၂၆ ရက်(သီတင်းကျွတ်လဆန်း ၅ ရက်)တွင် ရေလယ်ဧည့်ခန်းမရှေ့ ရေပြင်ကျယ်၌ ကျင်းပသွား မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)