“အစ္စရေးက ကာတာနိုင်ငံရှိ ဟားမက်စ်အဖွဲ့၏ဌာနချုပ်ကို လေကြောင်းမှတိုက်ခိုက်မှုလုပ်”
10 Sep
အစ္စရေးက ကာတာနိုင်ငံရှိ ဟားမက်စ်အဖွဲ့၏ဌာနချုပ်ကို လေကြောင်းမှတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်းနှင့် ပေါက်ကွဲမှု ၁၀ ကြိမ်ထက်မနည်းကို ကြားရကြောင်း အစ္စရေးတာဝန်ရှိသူများနှင့် ဒေသတွင်းတာဝန်ရှိသူများက ပြောသည်။ အစ္စရေးတပ်မတော်သည် ရှင်းဘတ်အမည်ရှိ လုံခြုံရေးအေဂျင်စီနှင့်အတူ လက်တွဲ၍ အဆိုပါစစ်ဆင်ရေးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် တိကျသောတိုက်ခိုက်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုကဲ့သို့တိုက်ခိုက်မှုမလုပ်မီတွင် အရပ်သားများ ထိခိုက်မှုလျော့နည်းစေရန် ကြိုတင်ဆောင်ရွက် ချက်များကို လုပ်ဆောင်ခဲ့ကြောင်း၊ တိကျမှုရှိသောခဲယမ်းများကို အသုံးပြုခြင်းနှင့် သေချာမှုရှိသော ထောက်လှမ်းရေး သတင်းအချက်အလက်များကို အသုံးချခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အွန်လိုင်းပေါ်တွင်မြင်တွေ့ရသော ဓာတ်ပုံများအရ တိုက်ခိုက်ခံရသည့် အဆောက်အအုံများသည် ဆိုးဝါးစွာ ပျက်စီးကြောင်း၊ တိုက်ခိုက်မှုသည် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကိုပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ယင်းအဖွဲ့သည် အမေရိကန် က အဆိုတင်သွင်းထားသော အစ္စရေးနှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ဆွေးနွေးမှုများ လုပ်နေသည့် အဖွဲ့ဖြစ်ကြောင်း ဟားမက်စ်အဖွဲ့၏ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းဌာနများ က ဖော်ပြထားသည်ဟု ဆင်ဟွာ သတင်းဌာနမှ သိရသည်။