“နီပေါနိုင်ငံ၌ ဆန္ဒပြမှုနှင့်ဆူပူအုံကြွမှုများဖြစ်ပွားနေစဉ် ဝန်ကြီးချုပ်က ရာထူးမှနုတ်ထွက်”

10 Sep

နီပေါနိုင်ငံ၌ ဆန္ဒပြမှုများနှင့်ဆူပူအုံကြွမှုများ ဖြစ်ပွားနေစဉ် ဝန်ကြီးချုပ် ကေပီရှာမားအိုလီ သည် စက်တင်ဘာ လ ၉ ရက်တွင် ရာထူးမှနုတ်ထွက်သွားပြီ ဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်း ပုံမှန်မဟုတ်သော အခြေအနေ များကြောင့် ၎င်းအနေဖြင့် ယနေ့မှစ၍ ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ကြောင်း၊ ထိုသို့နုတ်ထွက်မှုကြောင့် ပြဿနာများ ကို ဖြေရှင်းနိုင်ရေးအတွက် လုပ်ဆောင်နိုင်စေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကေပီရှာမားအိုလီ က သမ္မတထံသို့ ပေးပို့ သော ရာထူးမှ နုတ်ထွက်စာတွင်ဖော်ပြထားသည်။ ထို့နောက် နီပေါနိုင်ငံသမ္မတ ရမ်ချန်ဒရာ ပိုဒယ် က ဝန်ကြီးချုပ်၏ နုတ်ထွက်စာ ကိုလက်ခံလိုက်ကြောင်း သမ္မတရုံးသတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူက ဆင်ဟွာသတင်းဌာနသို့ ပြောသည်။ နီပေါနိုင်ငံတစ်ဝန်း၌ စက်တင်ဘာလ ၈ ရက်တွင် ဆန္ဒပြမှုများဖြစ်ပွားရာ အဆိုပါဆန္ဒပြမှုများ က ဆူပူ အုံကြွမှုများအဖြစ်သို့ ပြောင်းလဲလာသည့်အတွက် အနည်းဆုံး လူ ၁၉ ဦး သေဆုံး ထားသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ဒေသအများအပြားတွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း ဆန္ဒပြသူများ က ထိုအမိန့်ကိုဖီဆန်လာသောကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်။ နီပေါနိုင်ငံ၌ လူမှုမီဒီယာများ အသုံးပြုမှုတားမြစ်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြမှုများလုပ်ဆောင်ခြင်းဖြစ်ပြီး ဆန္ဒပြသူများက လွှတ်တော်အဆောက်အအုံကိုပင် ဝင်ရောက်စီးနင်းမှုများလုပ်ရန် ကြိုးပမ်းလာသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ဖြိုခွဲမှုများလုပ်ဆောင်သည်။ ယင်းနောက် အစိုးရက ထုတ်ပြန်ထားသည့် တားမြစ်ချက်ကို ပြန်လည်ရုပ်သိမ်းပေးလိုက်သော်လည်း ဆန္ဒပြမှုများရပ်စဲသွားခြင်းမရှိဘဲ ဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ရန် ဖိအားပေးလာခြင်းဖြစ်သည်။ ယခုဖြစ်ပွား နေသည့် အခြေအနေသည် နီပေါနိုင်ငံအတွင်း အဆိုးဝါးဆုံးသော ဆူပူအုံကြွမှုဖြစ်ကြောင်း လေ့လာသူများက ပြောသည်။ ဝန်ကြီးချုပ် ကေပီရှာမားအိုလီ သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် ၂၀၀၈ ခုနှစ်နောက်ပိုင်း နိုင်ငံ၏ ၁၄ ဦး မြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။

10 Sep

ADVERTISE HERE .