“ယခုဘဏ္ဍာနှစ်အတွင်း ငါးတင်ပို့မှု မက်ထရစ်တန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့”
10 Sep
မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါးတင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန မှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ငါးလတာကာလအတွင်း ပြည်ပသို့ ငါးတင်ပို့မှုအနေနဲ့ မက်ထရစ်တန်ချိန် ၁၀၈,၇၃၃ ဒသမ ၂၇၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၈၅၉ သန်းရရှိခဲ့ပါတယ်။ ပြည်ပသို့တင်ပို့ရာတွင် ငါးလတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန်ချိန် ၅၇,၈၁၉ ဒသမ ၁၇၉ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၅၄၉ သန်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၅၀,၉၁၄ ဒသမ ဝ၉၅ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၃၁ သန်းရရှိခဲ့ခြင်းကြောင့် စုစုပေါင်း ငါးမက်ထရစ်တန်ချိန် ၁၀၈,၇၃၃ ဒသမ ၂၇၄ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၈၅၉ သန်းရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ငါးအပါအဝင် တခြားရေထွက်ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုအနေနဲ့ မက်ထရစ်တန်ချိန် ၁၅၃,၉၂၆ ဒသမ ၃၃၉ တန် တင်ပို့နိုင်ခဲ့ကာ ပုစွန်၊ ငါး စတဲ့ ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် အစရှိတဲ့ နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပါတယ်။ တင်ပို့ရာတွင် ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့နေသည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)