လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရွေးကောက်ပွဲကိုပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်သဖြင့် ဥပဒေအရပြစ်ဒဏ်ချမှတ်
09 Sep
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သူတစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် တောင်ကြီးမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်တိတိကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၅ ရက်တွင် တောင်ကြီးမြို့ နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁)နေ နေသွေး (၃၆)နှစ် (ဘ) ဦးအောင်ခင်သည် ၎င်းအသုံးပြုသည့် “Lashio Baegyi” Facebook Account လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “မဲပေးဖို့ချည်း ဇွတ်ပြောပြီ၊ မင်းတို့က ဘာကောင်တွေလဲ၊ စောက်လုံးပါရင် သေချာကြည့် ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲစဉ်းစား၊ အလကားနေ ဘာမှ စောက်ပြစ် မရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့...”စသည့်စာသားများကို ဖြန့်ဝေကာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်၍ ပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်း(ပ)၉၉/ ၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုရေးဖွင့်စစ်ဆေး၍ တောင်ကြီးမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂၇၁၄/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၉ ရက်တွင် ပြစ်မှုထင်ရှားသဖြင့် တရားခံ နေသွေးကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်တိတိကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။(NVS 007)