“တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တဲ့ မြန်မာဖူဆယ်အသင်း”
09 Sep
တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ကမ္ဘောဒီးယားကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားကြောင်း သိရပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ကမ္ဘောဒီးယားဖူဆယ်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မြန်မာဖူဆယ်အသင်းအတွက် ဂိုးတွေကို ထွန်းအောင်ကျော်၊ ဝေဇင်ဦး၊ အောင်ဇင်ဦးနဲ့ နိုင်လင်း ထွန်းတို့က သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းဟာ ကမ္ဘောဒီးယားအသင်းကို အနိုင်ရခဲ့ပေမယ့် ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အုပ်စုတွင်းတခြားပွဲဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲကို စောင့်ကြည့်ခဲ့ရပါတယ်။ အဲဒီပွဲမှာ အင်ဒိုနီးရှားအသင်းက နယူးဇီလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့လို့ မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့ဖူဆယ်အင်အားကြီး ဒိန်းမတ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ (NVS 008)