“အမေရိကန်က စစ်ရေယာဉ်များ စေလွှတ်ဖြန့်ကြက်လာမှုများကြောင့် ဗင်နီဇွဲလားနိုင်ငံက စစ်သည်အင်အား တိုးမြှင့်ဖြန့်ကြက်”

09 Sep

ဗင်နီဇွဲလားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား တင်းမာမှုများမြင့်တက်နေစဉ် အမေရိကန်က စစ်ရေယာဉ်များ စေလွှတ်ဖြန့်ကြက်ပြီးနောက် ဗင်နီဇွဲလားအစိုးရကလည်း နိုင်ငံ၏ကမ်းရိုးတန်းဒေသများ၌ စစ်သည်အင်အားကို တိုးမြှင့် ဖြန့်ကြက်လိုက်ကြောင်း သိရသည်။ အမေရိကန်အစိုးရ က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်သည်ဟုဆိုကာ ကာရေဘီယံပင်လယ် တောင်ပိုင်းဒေသသို့ စစ်ရေယာဉ်များကို ပြီးခဲ့သည့်လတွင် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ် မာဒူရိုက ရနိုင်သမျှသောစစ်သည်များနှင့် စစ်လက်နက်ပစ္စည်းများကို ထုတ်နုတ်၍ ဇူလီယာ၊ ဖယ်ကွန်၊ နျူးဗား၊ အက်စပါတာ၊ ဆူခရေးနှင့် အာမာကူရိုမြစ်ဝကျွန်းပေါ် ဒေသတို့သို့ စေလွှတ်ဖြန့်ကြက်ရန် အမိန့်ပေးထားကြောင်း ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ပါဒရီနိုလိုပက် က စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။ ထို့ကြောင့် ယင်းဒေသများတွင် စစ်သည်အင်အား ၁၀,၀၀၀ မှ ၂၅,၀၀၀ ကို ဖြန့်ကြက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါနယ်မြေများသည် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုလုပ်နေသည့် နယ်မြေများဖြစ်သည်ဟု သတ်မှတ်ခံထား ရစဉ် ထိုမြေများသို့ မည်သူကမျှခြေချနိုင်ခြင်းမရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါဒရီနို က ပြောထားသည်။ ထို့ကြောင့် ပြီးခဲ့သည့်လမှာပင် ဗင်နီဇွဲလားအစိုးရက ထိုဒေသများသို့ စစ်သည်အင်အား ၁၅,၀၀၀ ကို ဖြန့်ကြက် ချထားပြီး ဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်စစ်ရေယာဉ်တစ်စင်းက ဗင်နီဇွဲလားမှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု အခိုင်အမာပြောထားသည့် လှေတစ်စင်းကို ပစ်ခတ်မှုလုပ်ဆောင်ရာ လူ ၁၁ ဦး သေဆုံးထား သည်။ အဆိုပါဖြစ်စဉ်ပြီးနောက် ဗင်နီဇွဲလားလေယာဉ်နှစ်စင်းက အမေရိကန်စစ်ရေယာဉ်တစ်စင်းပေါ်မှ ဝဲပျံမှုများ လုပ်ဆောင်သည်။ ယင်းနောက်တွင် ဗင်နီဇွဲလားလေယာဉ်များက အမေရိကန်စစ်သင်္ဘောများအတွက် အန္တရာယ် ရှိသည်ဟုသတ်မှတ်ပါက ပစ်ခတ်ပိုင်ခွင့်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောထားသည်ဟု RT သတင်း ဌာန ဖော်ပြချက်အရ သိရသည်။

09 Sep

ADVERTISE HERE .