“ငလျင်ကြောင့်ယာယီပိတ်ထားတဲ့ မန္တလေးရတနာပုံဈေးကို စက်တင်ဘာလ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်”

09 Sep

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ ရတနာပုံဈေးကြီးကို ပြန်လည်ပြင်ဆင်မှုများကြောင့် ယာယီပိတ်ထားခဲ့ရာက လာမယ့်စက်တင်ဘာလ ၁၅ ရက်မှာ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရပါတယ်။ အဆိုပါဈေးကြီးမှာ မန္တလေးမြို့ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်မှာ တည်ရှိတာဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ဈေးကြီးအတွင်းရှိ အလိပ်တံခါးများ၊ အုတ်နံရံများ၊ သန့်စင်ခန်း၊ တိုင်နှင့် ထုပ်တန်းအချို့ ပျက်စီးခဲ့တဲ့အတွက် ယာယီ ဈေးပိတ်ခဲ့ရပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြန်လည်စစ်ဆေးပြင်ဆင်မှုများဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ပြန်လည်ပြင်ဆင်ပြီးဖြစ်တာကြောင့် ဈေးသူ၊ဈေးသားများအနေနဲ့ မိမိတို့၏ဆိုင်ခန်းများကို သန့်ရှင်းရေး နှင့် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိနေကြောင်းနှင့် စက်တင်ဘာလ ၁၅ ရက်မှာ စျေးကြီးကို ယခင်အတိုင်း လပြည့်၊လကွယ်၊ဥပုသ်ပိတ်ရက်မှလွဲ၍ နေ့စဉ်ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း ရတနာပုံစျေးအကျိုးတော်ဆောင်အဖွဲ့မှ အသိပေးထားတယ်လို့ သိရပါတယ်။ ရတနာပုံဈေးဟာ ဈေးချိုတော်ပြီးလျှင် မန္တလေးမြို့ရဲ့ ဒုတိယအကြီးဆုံးဈေးကြီးဖြစ်၍ မူလရတနာပုံဈေးမှာ အလျား ၄၀၈ ပေ၊ အနံ ၃၄၀ ပေ၊ အမြင့် ၅၆ ပေနှင့် ၅ ထပ်အဆောက်အဦဖြစ်ကာ ၂၀၀၈ ခုနှစ်မှာ မီးလောင်ခဲ့ခြင်းကြောင့် ရတနာပုံဈေးကို ၂၀၀၉ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ရာက ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံစူပါစင်တာဟူ၍ နှစ်ခြမ်းခွဲကာ တည်ဆောက်ခဲ့တာဖြစ်ပြီး ရတနာပုံဈေးကို ရတနာပုံစူပါစင်တာဘက်အခြမ်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံဈေးကြားတွင် ပေ ၄၀ အကျယ် မီးသတ်ကားအဝင်အထွက်လမ်းရှိပြီး ရတနာပုံ ဈေးဘက်ခြမ်းတွင် မြေအောက်ထပ်နေရာအချို့နှင့် မြေညီထပ်တွင် ဈေးဆိုင်ခန်းများ၊ ပထမထပ်၌ Sky Walk Shopping Center၊ ဒုတိယထပ်၌ ကျောက်မျက်ရတနာဆိုင်များပါဝင်တဲ့ မန္တလေးရတနာMall၊ တတိယထပ်၌ ကွန်ပျူတာ သင်တန်း ခန်းမ၊ စတုတ္ထထပ်၌ မန္တလေးစက်မှုလက်မှုကုန်သည်များအသင်း၊ အထက်မြန်မာပြည် ဓာတ်ပုံပညာရှင်များအသင်း၊ ပဉ္စမထပ်တွင် ကွန်ပျူတာသင်တန်းခန်းမ၊ ဆဌမထပ်တွင် လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်များ ပါရှိတယ်လို့ သိရပါတယ်။ (NVS 004)

09 Sep

ADVERTISE HERE .