“စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေး မျှော်မှန်းကာ PDF နှင့် လက်နက်ကိုင်အုပ်စုများကို ထပ်မံဖိတ်ခေါ်”
09 Sep
နိုင်ငံတော်၏စေတနာအမှန်ကို သိရှိနားလည်ကာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့သော PDF အမည်ခံအပါအဝင် လက်နက်ကိုင်အုပ်စုများကို မိဘများထံ အပ်နှံပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ ကျန်ရှိနေသည့် PDF နှင့် လက်နက်ကိုင်များကို နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန် ထပ်မံဖိတ်ခေါ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါထုတ်ပြန်ချက်ကို သတင်းထုတ်ပြန်ရေးအဖွဲ့မှ စက်တင်ဘာလ ၈ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲစာရင်းမှားယွင်းမှုများ၊ မဲမသမာမှုများကို ပွင့်လင်းမြင်သာစွာ ချပြနိုင်မှုမရှိခြင်း၊ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းမှု၊ တပ်မတော်က မဲမသမာမှုများကို စိစစ်ဖော်ထုတ်၍ အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က တာဝန်ယူဆောင်ရွက်ခဲ့မှုများကို ဖော်ပြထားရှိပါတယ်။ မကြာမီကျင်းပမည့်လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးပြီးချိန်တွင် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားမည် ဖြစ်ပါတယ်။ ဒါကြောင့် PDF အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့များအနေနဲ့ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရန်ဆန္ဒရှိပါက တစ်ဦးချင်း(သို့)အဖွဲ့လိုက်ဖြစ်စေ နီးစပ်ရာတပ် စခန်းများ၊ ဒေသအာဏာပိုင်များထံ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်သည်ဟု ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင်များအပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များကို မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ (NVS 004)