“နောင်ချိုမြို့နယ် ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲ ၂၄ ခု ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်”

09 Sep

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက် ကျန်းမာရေးဌာနနှင့်ဌာနခွဲ ၂၄ ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများနှင့် အသက် ၁၅ နှစ်အောက်ကလေးများကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပြန်လည်အားဖြည့်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်ရာမှာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ နောင်ချိုမြို့ပေါ်နှင့် ကျေးရွာများရှိ ကျောင်းပေါင်း ၇၆ ကျောင်းနှင့်ကျောင်းသားပေါင်း ၁၂,၁၇၈ ဦးကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်နှင့်ကျေးလက်ကျန်းမာရေးဌာနများမှာ ဒေသခံ တိုင်းရင်းသားပြည်သူ စုစုပေါင်း ၂၄၁၉ ဦးကို လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါတယ်။ အလားတူ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ ကလေး စုစုပေါင်း ၁၂၀၉၇ ဦးကို လိုအပ်သောကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးနိုင်ခဲ့တဲ့အပြင် ဇူလိုင်လ ၂၀ ရက်မှစ၍ နောင်ချိုမြို့ “မြနန်းတော်ဝင်” မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သလို နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကိုလည်း သြဂုတ်လ ၂ ရက်မှာပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အခုလိုဖွင့်လှစ်နိုင်ခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ပြင်ပလူနာ ၃,၄၅၀ နှင့် အတွင်းလူနာ ၃၇၈ ဦးတို့ကို လိုအပ်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

09 Sep

ADVERTISE HERE .