“ပြည်တွင်းရှိ ဆန်စက်ပေါင်း တစ်သောင်းကျော်အနက် ဆန်စက် ၈,၀၀၀ ကျော် လည်ပတ်လျက်ရှိ”
08 Sep
တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်တွင်းရှိ ဆန်စက်ပေါင်း တစ်သောင်းကျော်မှာ ဆန်စက် ၈,၀၀၀ ကျော် လည်ပတ်နေကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှာ အသင်းသားပိုင် ဆန်စက် အရေအတွက် တစ်သောင်း ကျော်ရှိပြီး လုပ်ငန်းလည်ပတ်လုပ်ကိုင်နေတဲ့ ဆန်စက်များမှာ ၈၀ ရာခိုင်နှုန်းခန့်ရှိကာ ပြည်ပတင်ပို့မှုနဲ့ ပြည်တွင်းစားသုံး နိုင်ဖို့အတွက် အဆိုပါဆန်စက်တွေကနေ ကြိတ်ခွဲရောင်းချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဆန်စက်များအနေနဲ့ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုဖူလုံရန် ကြိတ်ခွဲပေးနေခြင်းဖြစ်သလို ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးဖို့နဲ့ ဆန်စပါးအရည်အသွေးမြင့်မားရန်အတွက် နည်းပညာကဏ္ဍတိုးချဲ့ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF)မှ သိရပါတယ်။ MRF အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက် ၁၄ ခုတွင် ၁၇ မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက် ၇ ခုမှာ ၁၄ မဂ္ဂါဝပ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆန်စက် ၃ ခု၌ ၅ မဂ္ဂါဝပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆန်စက် ၂ ခုမှာ ၁ ဒသမ ၅ မဂ္ဂါဝပ်၊ နေပြည်တော်ရှိ ဆန်စက် ၁ ခု၌ ၃ မဂ္ဂါဝပ်နှင့် မွန်ပြည်နယ်ရှိ ဆန်စက် ၁ ခု၌ ၁ မဂ္ဂါဝပ် စတဲ့ ဆန်စက် ၂၈ ခုတွင် ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အား စုစုပေါင်း ၄၁ ဒသမ ၅ မဂ္ဂါဝပ်ထုတ်လုပ်မည့် အစီအစဉ်ကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် လျာထားကြောင်း သိရပါတယ်။ (NVS 004)