ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးအား တပ်မတော်က ပြန်လည်ထိန်းချုပ်

07 Sep

စက်တင်ဘာလ ၆ ရက်တွင် KNU အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးအား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးဖြစ်စဉ်များကြောင့် ဆူပူအကြမ်းဖက်ဆန္ဒပြမှုများရဲ့ နောက်ဆက်တွဲအဖြစ် နယ်စပ် ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများကို လက်ခံထိန်းသိမ်းကာ နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးအထိ စစ်ရေး ပဋိပက္ခဖြစ်လာစေရေးကို ရည်ရွယ်ကာ KNU၊ KNLA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်သန်းတန်းများကို ဖွင့်လှစ်၍ တိုက်ခိုက်ရေးအင်အားများကို စုဆောင်းလာခဲ့ပါတယ်။ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ထိန်းချုပ်ရန်၊ နယ်စပ်ကုန်စည် စီးဆင်းမှုနှင့် အစိုးရအုပ်ချုပ်မှုယန္တရား ရပ်တန့်စေရန်နှင့် ၎င်းတို့ရဲ့ စစ်ရေးရည်မှန်းချက် ဖြစ်သည့် မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဘားအံမြို့တို့ကို သိမ်းယူကာ သီးခြားလွတ်လပ်သော ကော်သူလေးပြည်နယ်နှင့် ကော်သူလေးအစိုးရထူထောင်ရေးအတွက် စီမံဆောင်ရွက်မှုများဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။ KNU၊ KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ၂၀၂၁ ခုနှစ်၊ မတ်လမှစ၍ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ကရင်ပြည်နယ်သံလွင်မြစ်အနီးရှိ တပ်မတော်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ သင်္ဃန်းညီနောင်၊ မြဝတီဒေသရှိ နယ်မြေခံတပ်ရင်းနှင့် ရှေ့တန်းစခန်းများကို တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူများစိုးမိုးထားသည့် သင်္ဃန်းညီနောင်အား ပြန်လည်ထိန်းချုပ်ရန် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်မှစ၍ အောင်ဇေယျစစ်ကြောင်းဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ရာသီဥတုနှင့် မြေအနေအထား ကန့်သတ်ချက်များကြောင့် နိုဝင်ဘာလတွင် ကော့ကရိတ်မြို့နှင့် သင်္ဃန်းညီနောင်ကြားရှိ ရင်ကွဲတောင် အနီးတွင် ထိုးစစ်ခေတ္တရပ်တန့်ကာ ပြင်ဆင်စုဖွဲ့မှုများ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်တွင် KNU အကြမ်းဖက်သောင်းကျန်းသူများက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အဓိကအချက်အခြာကျသည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနှင့် ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့အား သိမ်းပိုက်နိုင်ရေးအတွက် သာလွန်အင်အားကို အသုံးပြုကာတိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော် စစ်ကြောင်းများက ခုခံတိုက်ခိုက်ချေမှုန်းခဲ့မှုကြောင့် ၎င်းတို့ရဲ့ စစ်ရေးရည်မှန်းချက်များကို ရိုက်ချိုးနိုင်ခဲ့ပြီး ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်းတစ်လျှောက်အား ဇူလိုင်လ ၂၄ ရက်တွင် ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ၎င်းမှတစ်ဆင့် တပ်မတော်က စစ်ရေးအရှိန်ကိုတိုးမြှင့်ကာ သောင်းကျန်းသူများထိန်းချုပ်ထားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ အကြမ်းဖက်များ ခေတ္တစိုးမိုးထားသည့် သင်္ဃန်းညီနောင် အား ပြန်လည်သိမ်းပိုက်ရန် ပြင်ဆင်စုဖွဲ့မှုများ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်မှစ၍ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter-Terrorism Operation)ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်လိုက်လံတိုက်ခိုက်ပြီး ၁၀ ရက်အကြာ စက်တင်ဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် သင်္ဃန်းညီနောင်တပ်နယ်အားလုံးကို တပ်မတော်က ပြန်လည် သိမ်းပိုင်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အဓိကကုန်စည်စီးဆင်းရာ လမ်းမကြီးဖြစ်သည့် ကော့ကရိတ်-သင်္ဃန်း ညီနောင်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက်အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ စစ်ဆင်ရေးကာလ တစ်နှစ်ကျော်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ၃၈၂ ကြိမ် ဖြစ်ပွားကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၆၃ လောင်း၊ လက်နက်မျိုးစုံ ၅၇ လက်၊ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး တပ်မ‌တော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံအတွက် အသက်ပေးလှူခဲ့ကြောင်း ထုတ်ပြန်ထားရှိပါတယ်။(NVS 004)

07 Sep

ADVERTISE HERE .