မဟာဗျူဟာမိတ်ဖက်နိုင်ငံ အေးအတူပူအမျှအသိုက်အဝန်း အတူခံစားရမယ်ဆိုတဲ့ နိုင်ငံများအဖြစ် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် လုပ်ဆောင်လျက်ရှိ

07 Sep

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမိတ်ဖက်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း အတူခံစား ရမယ်ဆိုတဲ့ နိုင်ငံများအဖြစ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးမြို့တွင် စက်တင်ဘာလ ၆ ရက်က ပြုလုပ်သည့် အလုပ်သဘောခရီးစဉ် လာရောက်ခဲ့မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသတင်းမီဒီယာများက မေးမြန်းမှုအပေါ် အခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ နှစ်နိုင်ငံ မဟာဗျူဟာမိတ်ဖက်နိုင်ငံ အေးအတူပူအမျှ ဆက်ဆံရေးကို လက်ရှိတာဝန်ယူထားတဲ့ အချိန်မှာလည်း မြန်မာနိုင်ငံကနေ အလေးထားကုစားသွားမှာဖြစ်သလို တရုတ်နိုင်ငံကလည်း လက်ရှိပူးပေါင်းဆောင်ရွက်ပေးနေတာကို အားလုံးမျက်မြင်ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးဟာ အခုအခြေအနေမှာ အကောင်းဆုံးအခြေအနေ၊ အမြင့်ဆုံး အခြေအနေကို ရောက်နေတယ်လို့ ဆိုရပေမယ့်လည်း ဒီထက်ပိုပြီးကောင်းတဲ့၊ ဒီထက်ပိုပြီးမြင့်မားတဲ့၊ ဒီထက်ပိုပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့အခြေအနေမျိုးကို ဆက်ပြီးအကောင်အထည်ဖော် သွားမှာလည်းဖြစ်ကြောင်း၊ ကောင်းတယ်ဆိုတာက အမြဲတမ်းမဟုတ်ဘဲ၊ ကောင်းတယ်၊ ဒီထက်ပိုကောင်းတယ်၊ ဒီထက်ပိုပြီးကောင်းတယ်ဆိုတာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နမူနာပြနေကြောင်း၊ အခုလိုပဲ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရာမှာလည်း ကောင်းသည်ထက်ကောင်းအောင် ဆောင်ရွက်သွားဖို့ နှစ်ဖက်လုံးက ကြိုးစားရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

07 Sep

ADVERTISE HERE .