ဟစ်ဇ်ဘိုလာအုပ်စု လက်နက်ဖြုတ်သိမ်းရေး လက်ဘနွန်အစိုးရအဖွဲ့ ထောက်ခံကြိုဆို
07 Sep
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအုပ်စုအား လက်နက်ဖြုတ်သိမ်းမည့် အစီအစဉ်ကို လက်ဘနွန် အစိုးရက ကြိုဆိုထောက်ခံခဲ့သည်။ အစိုးရအဖွဲ့အစည်းအဝေးတွင် လက်ဘနွန်တပ်မတော် တာဝန်ရှိသူများက ဟစ်ဇ်ဘိုလာအုပ်စုအား လက်နက် ဖြုတ်သိမ်းရေးအစီအစဉ်တစ်ရပ် တင်ပြခဲ့သည်။ ဟစ်ဇ်ဘိုလာအုပ်စု လက်နက်ဖြုတ်သိမ်းရေးအစီအစဉ်ကို လက်ဘနွန်တပ်မတော်က အကောင်အထည် ဖော်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေး ပြီးဆုံးပြီးနောက် ထုတ်ပြန်ထားသည့် သတင်းကြေညာချက်တွင် ဖော်ပြထားသည်။ သို့ရာတွင် ဟစ်ဇ်ဘိုလာအုပ်စု လက်နက်ဖြုတ်သိမ်းရေးအစီအစဉ် မည်သည့်အချိန်တွင် စတင်မည်ကို လက်ဘနွန်အစိုးရက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။ အီရန်ကျောထောက်နောက်ခံပြု ရှီးယိုက်စ်လက်နက်ကိုင်အုပ်စုဖြစ်သည့် ဟစ်ဇ်ဘိုလာအုပ်စုသည် လက်ဘနွန် နိုင်ငံရေးလောကကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားသည့် အဖွဲ့အစည်းဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သည့်နှစ်အတွင်း အစ္စရေးနိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာအုပ်စုမှာ အကြီးအကျယ် အင်အားချည့်နဲ့ခဲ့ရကြောင်း သိရသည်။