လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် ဧရိယာပြင်ဆင်သတ်မှတ်
06 Sep
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန က ၂၀၁၈ ခုနှစ်၊ မေလတွင် ပြဋ္ဌာန်းထားသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အဏ္ဏဝါနေရင်းဒေသများအား ကာကွယ်နိုင်ရန်၊ လန်ပိကျွန်းမကြီးနှင့် ၎င်း၏အရံ ကျွန်းငယ် ၂၆ ကျွန်း၏ ပတ်ဝန်းကျင်ရှိ အဏ္ဏဝါဂေဟစနစ်နှင့် ကမ်းရိုးတန်းဂေဟစနစ်ရေရှည်တည်တံ့စေရန်၊ အဏ္ဏဝါမျိုးစိတ်များ ထိန်းသိမ်းကာကွယ်ရန်နှင့် အဏ္ဏဝါသယံဇာတများ ပေါကြွယ်ဝလာစေရန် ရည်ရွယ်၍ မူလကုန်းမြေ ဧရိယာ ၅၀၆၁၇ ဒသမ ၆၂ ဧကအား ကုန်းမြေ ၅၇၃၄၄ ဒသမ ၀၃ ဧကနှင့် ရေပြင် ၂၄၂၈၂၄ ဒသမ ၆ ဧက၊ စုစုပေါင်း ၃၀၀၁၆၈ ဒသမ ၆၃ ဧကဖြင့် “လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်ဧရိယာ ပြင်ဆင်သတ်မှတ်ခြင်း”ကို အမိန့်ကြော်ငြာစာအမှတ် (၇၉ /၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)မှစ၍ ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်သည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ၎င်းဒေသ၏ ထူးခြား၍အရေးပါသော ဂေဟစနစ်များ၊ မျိုးစိတ်များ၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ တည်ရှိမှုနှင့် ၎င်းတို့အကြား သဟဇာတဖြစ်စွာ တည်ရှိနေမှုတို့ကြောင့် ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဏ္ဏဝါအမျိုးသားဥယျာဉ်၏ ၇၅ ရာခိုင်နှုန်းခန့်သည် အဏ္ဏဝါနေရင်းဒေသ နေရာများဖြစ်ပြီး ကျန်ဧရိယာများသည် အမြဲစိမ်းတော ၂၂ ရာခိုင်နှုန်း၊ ဒီရေတော ၂ ရာခိုင်နှုန်းနှင့် ပင်လယ်သဲခုံတော ၁ ရာခိုင်နှုန်းတို့ ဖြစ်ပါတယ်။ အဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်း နို့တိုက်သတ္တဝါ ၁၉ မျိုး၊ ငှက်မျိုးစိတ် ၂၂၈ မျိုး၊ တွားသွားသတ္တဝါ ၁၉ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၁၁ မျိုး၊ ငါးမျိုးစိတ် ၄၂ မျိုး၊ ကဏန်းမျိုးစိတ် ၄၂ မျိုး၊ အပင်မျိုးစိတ် ၁၉၅ မျိုး၊ ပင်လယ်မြက်မျိုးစိတ် ၁၁ မျိုး၊ ပင်လယ်ရေမှော် ၇၃ မျိုး၊ အပင်မျှော Phytoplankton မျိုးစိတ် ၁၃၆ မျိုး၊ အကောင်မျှော Zooplankton မျိုးစိတ် ၁၅၀ ၊ ဒီရေတောပင်မျိုးစိတ် ၆၃ မျိုးနှင့် သန္တာကျောက်တန်းများ တွေ့ရှိရပါတယ်။ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ဧရိယာအတွင်း မျိုးသုဉ်းပျောက်ကွယ်လုနီးပါး မျိုးစိတ်များဖြစ်သည့် ရေဝက် (Dugong)၊ ပြင်သာလိပ်၊ မလေးသင်းခွေချပ်နှင့် မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်များဖြစ်သည့် ဖျံအမွှေးနု၊ မျောက်ပုတီး၊ မျောက်လေပွေ၊ ချေလှောင်၊ လင်းဆွဲများလည်း ကျက်စားလျက်ရှိပြီး သန့်ရှင်းလှပသော ကမ်းခြေများနှင့် ပင်လယ်ရှုခင်းများ၊ ဒီရေတောမြစ်ဝနှင့် ပင်လယ်လိပ်များ ဥဥချသည့် လိပ်သောင်များနှင့် မူလဒေသခံများ ဖြစ်သည့် မော်ကင်း(ခေါ်)ဆလုံလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများသည် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၏ အလွန် ထူးခြားထင်ရှားသော တန်ဖိုးများဖြစ်ပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အခွင့်အလမ်း များဖြစ်ပါတယ်။ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်ကို ဧရိယာပြင်ဆင်သတ်မှတ်ခြင်းဖြင့် ကမ်းရိုးတန်းဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ ဒီရေတောဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ခြင်း၊ ကမ္ဘာ့ဈေးကွက်ဝင်အရည်အသွေးမြင့် မြန်မာ့ ပုလဲများထွက်ရှိရာ ဒေသတစ်ခုဖြစ်ခြင်း၊ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသတွင် ကျက်စားနေထိုင်သည့် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး မျိုးစိတ်များအား ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်းနှင့် သုတေသနလုပ်ငန်းများအတွက် တန်ဖိုး မဖြတ်နိုင်သည့် အခွင့်အလမ်းများ ထောက်ပံ့ပေးနိုင်မည်ဖြစ်ခြင်း၊ ကျွန်းအနေအထားများကို အခြေပြု၍ နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်နိုင်ခြင်းဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်ခြင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည့် အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါတယ်။(NVS 004)