လူကုန်ကူးမှုကျူးလွန်သူများက အင်တာနက်လူမှုကွန်ရက်ကို တွင်ကျယ်စွာအသုံးပြုလျက်ရှိ
06 Sep
လူကုန်ကူးမှုကျူးလွန်သူများက အင်တာနက်လူမှုကွန်ရက်ကို တွင်ကျယ်စွာ အသုံးပြုကာ ပြစ်မှုများကို ကျူးလွန်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က စက်တင်ဘာလ ၄ ရက်တွင်ပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၅)တွင် ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက လူကုန်ကူးမှုပြဿနာများကို တိုက်ဖျက်နိုင်ရေးအတွက် ဝန်ကြီးဌာနက ဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် လုပ်ငန်းကော်မတီ(၄)ရပ်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း၊ ပြောင်းလဲလာသော လူကုန်ကူးမှုပုံစံများအရ အိမ်နီးချင်းနိုင်ငံမှ လူငယ်များသည် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြပြီး မြန်မာအမျိုးသမီးများအား ချစ်ကြိုက်၍ လက်ထပ်ခြင်းမဟုတ်ဘဲ လှည့်ဖြားလိုသောသဘောဖြင့် ငွေကြေးပေးကာ လက်ထပ်ခြင်း၊ တရားရုံးတွင် ထိမ်းမြားမင်္ဂလာကျမ်းကျိန်လွှာပြုလုပ်၍ ၎င်းတို့နိုင်ငံသို့ တရားဝင် ခေါ်ဆောင်နေခြင်းများကို စိစစ်ဖော်ထုတ် အရေးယူလျက်ရှိကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook၊ TikTok နှင့် Telegram တို့ကိုအသုံးပြု၍ စီးပွားရေးကြော်ငြာများမှတစ်ဆင့် လူစုဆောင်းခြင်း၊ အကျိုးအမြတ် လွှဲပြောင်း ပေးခြင်းများ ပြုလုပ်ပြီး မြန်မာအမျိုးသမီးငယ်များအား အတင်းအဓမ္မထိမ်းမြားလက်ထပ်ရန်နှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရာတွင် လုပ်ငန်းစဉ်(၃)ရပ်ဖြစ်သော သတင်း လက်ဦးမှုရယူခြင်း၊ တားဆီးကာကွယ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ၎င်းလုပ်ငန်းစဉ်(၃)ရပ်နှင့်အညီ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ် ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)