ဘွမ်ဂျေထိုင်းပါတီမှ အာနူတင်ချန်ဝီရာကူ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရ

06 Sep

ထိုင်းနိုင်ငံ၌ ဘွမ်ဂျေထိုင်းပါတီမှ ခေါင်းဆောင်ဖြစ်သည့် အာနူတင်ချန်ဝီရာကူ သည် နိုင်ငံ၏ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရကြောင်းသိရသည်။ စက်တင်ဘာလ ၅ ရက်တွင်ကျင်းပသော လွှတ်တော်အစည်းအဝေး၌ လွှတ်တော် အမတ် ၃၁၁ ဦး၏ ထောက်ခံရွေးချယ်မှုအရ အာနူတင်ချန်ဝီရာကူ က ဝန်ကြီးချုပ်ဖြစ်လာခြင်းဖြစ်သည်။ ယခင်အာဏာရဖျူထိုင်းပါတီမှ ချိုင်ကာဆမ်နီတီ သီရိ မှာမူ လွှတ်တော်အမတ် ၄၉ဝ အနက် ၁၅၂ ဦး၏ ထောက်ခံမှုကိုသာ ရရှိခဲ့ခြင်းကြောင့် ၎င်းပါတီ၏ ပြိုင်ဘက်ပါတီဖြစ်သော ဘွမ်ဂျေထိုင်းပါတီမှ ဝန်ကြီးချုပ်နေရာ အတွက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ၃၁ ဆက်မြောက် ဝန်ကြီးချုပ်ဖြစ်သော ပေထုန်တန်ရှင်နာဝပ် သည် ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားသော နယ်စပ်ရေးရာပြဿနာများနှင့်ပတ်သက်၍ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် နှင့် တယ်လီဖုန်းဆက် ပြောဆိုထားသော အသံဖိုင်ပေါက်ကြားမှုကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ပေထုန်တန် ကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားပြီးနောက် ယခုကဲ့သို့လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်၍ ဝန်ကြီးချုပ်အသစ်ကို ရွေးချယ် ခြင်းဖြစ်သည်။ ယခုရွေးချယ်ခံရသော အာနုတင်ချန်ဝီရာကူ ကို နိုင်ငံ၏ ၃၂ ဆက်မြောက်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခွင့်ပြုရေး အတွက် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း ထံသို့ တင်ပြသွားမည်ဖြစ်သည်။ ထိုင်းဘုရင်၏ အတည်ပြု ခွင့်ပြုချက်ရရှိပါက အာနူတင်ချန်ဝီရာကူ ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပါတီမှ တာဝန်ရှိသူများကပြောထားသည်ဟု သိရသည်။

06 Sep

ADVERTISE HERE .