လေဆိပ်အသစ်က နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် တံခါးပေါက်ဖြစ်လာမည်ဟု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆို
05 Sep
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မန်နက် က စက်တင်ဘာလ ၉ တွင် လုပ်ငန်းစတင်လည်ပတ်မည့် Techo နိုင်ငံတကာလေဆိပ်(TIA)သည် အရှေ့တောင်အာရှနိုင်ငံဖြစ်သော ကမ္ဘောဒီးယားသို့ လာရောက်မည့် နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် တံခါးပေါက်အသစ်တစ်ခု ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။ 4F အဆင့်ရှိ အဆိုပါလေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့၏ လေဆိပ်သစ်ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံအတွက် ကမ္ဘာ့နိုင်ငံများနှင့်ဆက်သွယ်မှု ပိုမိုကျယ်ပြန့်စေမည့် နောက်ထပ် အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး အမျိုးသားစီးပွားရေး၊ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာစီးပွားရေးကို တိုးမြှင့်ရာတွင် ကဏ္ဍအားလုံးအတွက် အကျိုးကျေးဇူးရရှိစေမည်ဟု ဟွန်မန်နက် က ၎င်း၏တရားဝင်လူမှုကွန်ရက်တွင် ရေးသား ခဲ့သည်။ လေဆိပ်တည်ဆောက်မှုသည် ၂၀၃၀ ပြည့်နှစ်တွင် ဝင်ငွေအလယ်အလတ် အမြင့်ပိုင်းနိုင်ငံအဖြစ် ရောက်ရှိရန်၊ ၂၀၅၀ ပြည့်နှစ်တွင် ဝင်ငွေအမြင့်ပိုင်းနိုင်ငံအဆင့် ရောက်ရှိရန် စွမ်းဆောင်လျက်ရှိသည့် အစိုးရ၏ ရည်မှန်းချက်နှင့် ကိုက်ညီကြောင်း ၎င်းကပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်စေပြီး စီးပွားရေး အခွင့်အလမ်းများ ကျယ်ပြန့်လာကာ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာတစ်ဝန်းမှ ခရီးသွားဧည့်သည်များကို နွေးထွေးစွာကြိုဆိုလျက်ရှိပြီး Techo နိုင်ငံတကာလေဆိပ်သည် နိုင်ငံတကာမစ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများအတွက် တံခါးပေါက်သစ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား လေဆိပ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည့် အဆိုပါလေဆိပ်သည် ဖနွမ်းပင်မြို့မှ ၂၀ ကီလိုမီတာခန့်အကွာရှိ ၂,၆၀၀ ဟက်တာ နေရာအကျယ်အဝန်းတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ လေဆိပ်သည် ပထမအဆင့်အနေနှင့် တစ်နှစ်လျှင် ခရီးသွားဧည့်သည်စုစုပေါင်း ၁၃ သန်းအထိ ကိုင်တွယ် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Airbus A 380၊ ဘိုရင်း ၇၄၇ တို့လို ကမ္ဘာ့အကြီးဆုံးလေယာဥ်များ ဆင်းသက်ရပ်နား နိုင်မည်ဖြစ်သည်။