ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံက မှန်ကန်သောအချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးပြော

05 Sep

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ(GGI)သည် ကမ္ဘာကြီး၌ ဒေသတွင်းမငြိမ်သက်မှု မကြာခဏဖြစ်ပေါ်ခြင်း၊ စီးပွားရေးတိုးတက်မှုနှေးကွေးခြင်းနှင့် ဂလိုဘယ် လိုက်ဇေးရှင်းကို ဆန့်ကျင်ခြင်း စသည်တို့အပါအဝင် စိန်ခေါ်မှုများနှင့် ပရမ်းပတာအခြေအနေများဖြစ်နေရာ မှန်ကန်သောအချိန်ကာလအတွင်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က စက်တင်ဘာလ ၁ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ် က SCO အထွေထွေ အတွင်းရေးမှူးချုပ် Nurlan Yermekbayev နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ သမ္မတ ရှီ က SCO Plus အစည်းအဝေးတွင် အဆိုပြုတင်ပြခဲ့သော GGI က အချုပ်အခြာအာဏာ တန်းတူ ညီမျှရှိမှုကို ထိန်းသိမ်းရေး၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရေး၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး ဝါဒကို လက်ကိုင်ပြုကျင့်သုံးရေး၊ လူထုဗဟိုပြုချဉ်းကပ်မှုကို အားပေးမြှင့်တင်ခြင်း၊ လက်တွေ့ဆောင်ရွက်ချက် များ၏ ဦးတည်ချက်ကို အလေးထားရေးဟူသော မူကြီးငါးရပ်ကို အလေးထားဖော်ပြခဲ့သည်။ ယင်းအစီအမံများ၏ စိတ်ဓာတ်သည် ကုလသမဂ္ဂပဋိညာဉ်၏ ရည်ရွယ်ချက်များ၊ မူများနှင့်လည်း ကိုက်ညီမှုရှိကြောင်း ဝမ် က ဆိုသည်။ ထို့ပြင် GGI က နိုင်ငံတကာရေးရာများတွင် ကုလသမဂ္ဂ၏ ဗဟိုပြုအခန်းကဏ္ဍကို အခိုင်အမာ ထောက်ခံရန်၊ နိုင်ငံများအနေဖြင့် ကုလသမဂ္ဂကဲ့သို့ နိုင်ငံစုံပါဝင်သော ယန္တရားများပေါ် အမှီပြုခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရာ၌ ပါဝင်ရေးကို တိုက်တွန်းအားပေးရန် ရည်ရွယ်ထားကြောင်း နှင့် ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် စိန်ခေါ်မှုများကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ GGI သည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ(GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ(GCI) စသည်တို့ပြီးလျှင် လွန်ခဲ့သည့်နှစ်များအတွင်း သမ္မတ ရှီ က အဆိုပြုခဲ့သည့် စတုတ္ထမြောက် အထင်ကရ ကမ္ဘာလုံးဆိုင်ရာ အစီအမံလည်းဖြစ်ကြောင်း ဝမ် က ပြောခဲ့သည်။ အဆိုပါ အစီအမံသည် ရှုပ်ထွေးနေသောကမ္ဘာကြီးအား တည်ငြိမ်မှုနှင့် သေချာမှုကို ဖြည့်တင်းပေးကာ တရုတ်နိုင်ငံ၏ တက်ကြွသောအခန်းကဏ္ဍနှင့် နိုင်ငံတကာရေးရာများ၌ တာဝန်ယူမှုရှိသည့်အသိကို ရောင်ပြန် ဟပ်ခြင်းလည်းဖြစ်ကြောင်း ဝမ် က မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ဆက်လက်လက်ကိုင်ပြုကာ ကွဲပြားမှု မဟုတ်သော စည်းလုံးညီညွတ်မှု၊ ထိပ်တိုက်တွေ့ဆုံမှုမဟုတ်သော ပူးပေါင်းဆောင်ရွက်မှုအတွက် ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဆိုသည်။ တရုတ်နိုင်ငံသည် GGI အား အကောင်အထည်ဖော်ရေး၊ ပိုမိုတရားမျှတ၍ သာတူညီမျှရှိသော ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တစ်ရပ် မြှင့်တင်ရေးအတွက် ကုလသမဂ္ဂ၊ အဖွဲ့အစည်းအားလုံးနှင့်အတူ ညှိနှိုင်း ဆောင်ရွက်မှု တိုးမြှင့်မည်ဖြစ်ကြောင်းလည်း ဝမ် က ဖြည့်စွက်ပြောကြားခဲ့သည်။

05 Sep

ADVERTISE HERE .