“အမေရိကန်က ယူကရိန်းသို့ ဒုံးကျည်များရောင်းချပေးရန်အတည်ပြုမှု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပျက်စီးစေနိုင် ဟု ရုရှားပြော”

05 Sep

အမေရိကန်က ယူကရိန်းနိုင်ငံသို့ ဒုံးကျည်ထောင်ပေါင်းများစွာရောင်းချပေးရန် အတည်ပြုလိုက်ခြင်းသည် ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပျက်စီးစေနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက စက်တင်ဘာလ ၄ ရက်တွင် ပြောသည်။ ယူကရိန်းနိုင်ငံသို့ စစ်ဘက်ဆိုင်ရာထောက်ပံ့မှုများ ပေးနေခြင်းသည် ဖြစ်ပွားနေသည့်စစ်ပွဲကိုသာ သက်ဆိုးရှည်စေမည်ဖြစ်ကြောင်း၊ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည့် အခြေအနေကိုပင် အကြိမ်ကြိမ်ပြန်လည်ရောက်ရှိစေနိုင်ကြောင်း ရုရှားအစိုးရကထောက်ပြ ပြောဆိုထားသည်ဟု မာရီယာ ဇာခါရိုဗာ က ဆက်ပြောသည်။ ရုရှားနိုင်ငံအရှေ့ဖျားပိုင်း ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာလ ၃ ရက်မှ ၆ ရက် အထိလုပ်ဆောင်နေသည့် (၁၀)ကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ်၏သတင်းစာရှင်းလင်းပွဲတွင် မာရီယာ ဇာခါရိုဗာ က ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၈၂၅ သန်း တန်ဖိုးရှိသည့် ဒုံးကျည် များကို ယူကရိန်းနိုင်ငံသို့ ပေးပို့ရောင်းချရန်သဘောတူသည်ဟု ပြီးခဲ့သည့်လကုန်ပိုင်းတွင် ထုတ်ပြန် ကြေညာလိုက် ခြင်း ဖြစ်သည်။ ထိုဒုံးကျည်များ ဝယ်ယူမှုအတွက် ငွေကြေးကို ဥရောပနိုင်ငံအချို့က ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ယူကရိန်းသို့ရောင်းချပေးသွားမည့် ဒုံးကျည်များမှာ ဝေဟင်မှပစ်လွှတ်နိုင်သော အကွာအဝေး တိုးမြှင့်တိုက်ခိုက်ရေး ခဲယမ်းများ ဖြစ်ပြီး ရောင်းချပေးမည့် ပမာဏမှာ ဒုံးကျည်အလုံးရေ ၃,၃၅၀ ဖြစ်သည်။ ထိုကဲ့သို့ ဒုံးကျည်များကို ယူကရိန်းသို့ရောင်းချပေးမည် ဟူသော ဆုံးဖြတ်ချက်ကို ချမှတ်ခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ယူကရိန်းသမ္မတ ဇာလန်စကီတို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးပြီးနောက်မှသာ ချမှတ်ခြင်း ဖြစ်သည်။ ထို့ပြင် အမေရိကန်အနေဖြင့် အဆိုပါဒုံးကျည်များကို ယူကရိန်းနိုင်ငံသို့ သီတင်းပတ်ခြောက်ပတ်အတွင်း ပေးပို့ပေးသွားမည် ဖြစ်ကြောင်း The Wall Street Journal ကဖော်ပြထားသည်။ အလားတူ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန် ဒါလီယန်က ပဋိပက္ခများပြီးနောက် ယူကရိန်းနိုင်ငံ၌ ဥရောပနိုင်ငံများမှတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထားမည့် အခြေအနေနှင့်ပတ်သက်၍ အသေးစိတ် အခြေအနေများကို စီစဉ်ရေးဆွဲထားကြောင်း ပြောဆိုထားသည်။ သို့သော် ယင်းသို့လုပ်ဆောင်ချက်သည် အားလုံး၏ လုံခြုံရေးကိုလျော့ပါးစေမည်ဖြစ်ကြောင်း၊ အခြေခံအားဖြင့် ထိုလုပ်ဆောင်ချက်ကို လက်မခံနိုင်ကြောင်း ဇာခါရိုဗာ က ပြောထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Sep

ADVERTISE HERE .