“စစ်ကိုင်းမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများထံ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်”

04 Sep

စစ်ကိုင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကျုံးမဝင်သော မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၃ ရက်က စစ်ကိုင်းမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သီးနှံပေါ်ပေး စနစ်ဖြင့် သွင်းအားစုများ ပေးအပ်ရာတွင် ယခုစီမံကိန်းဖြင့် ဖြန့်ဝေသောဈေးနှုန်းမှာ ယူရီးယားတစ်အိတ်လျှင် ရန်ကုန်အထိုင်ဈေးနှုန်း ငွေကျပ် ၈၉,၅၀၀ နှင့် ကွန်ပေါင်းတစ်အိတ်လျှင် ရန်ကုန်အထိုင်ဈေးနှုန်း ငွေကျပ် ၁၂၀,၀၀၀ ဖြစ်ကြောင်း၊ ရန်ကုန်မှ သယ်ယူစရိတ်နှင့် သတ်မှတ် ကုန်ကျစရိတ်များအပါအဝင် ယူရီးယားနှင့် ကွန်ပေါင်းတစ်အိတ်လျှင် တောင်သူများ လက်ဝယ်အရောက်ပြင်ပဈေးထက် ငွေကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ သက်သာနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ ဓာတ်မြေဩဇာများကို ပြင်ပဆိုင်များတွင် သီးနှံပေါ်ပေးစနစ်ဖြင့် ဝယ်ယူပါက ဈေးနှုန်းပိုမိုကျသင့်မည် ဖြစ်၍ တောင်သူများအနေဖြင့် သီးနှံပေါ်ပါက ယခုသွင်းအားစုတန်ဖိုးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင်ချေးငွေများကို အကျေပြန်ဆပ်ရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆက်လက်ပြောကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ (NVS-004)

04 Sep

ADVERTISE HERE .