“အင်းလေးဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော်အတွင်း ပြန်လည်ဝင်ရောက်ဖူးမြော်ခွင့်ပြု”
04 Sep
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ကိန်းဝပ်စံပယ်တော်မူရာ ရတနာစံကျောင်းတော်ကြီးအား ဝင်ရောက်ခွင့်ပိတ်ထားရာမှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းမှစတင်၍ ပြန်လည်ဝင်ရောက်ဖူးမြော်ကြည်ညိုနိုင်ပြီဖြစ်ကြောင်း အင်းလေးဖောင်တော်ဦးမြတ်စွာ ဘုရားဂေါပကအဖွဲ့မှ သိရပါတယ်။ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ကိန်းဝပ်စံပယ်တော်မူရာ ရတနာစံကျောင်းတော်ပင်မဆောင်၊ အောက်ခြေတိုင်များ၊ လှေကားများ၊ စောင်းတန်းတော်၊ ဘုရားရင်ပြင်တော်၊ ဒေသစာရီကြွချီပူဇော်ခံရာတွင် ပင့်ဆောင်သည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာအဆောင်တို့ ထိခိုက်ပျက်စီးခဲ့ပြီး ဘုရားဖူးလာပြည်သူများအား ဘုရားပရိဝုဏ်အတွင်း ဝင်ရောက်ခွင့်ကို ဂေါပကအဖွဲ့မှ ယာယီရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ထိခိုက်ပျက်စီးမှုများအား နိုင်ငံတော်အစိုးရ၏ပံ့ပိုးကူညီမှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အနီးကပ်ကူညီ ဆောင်ရွက်မှု၊ စေတနာရှင်အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျွမ်းကျင် ပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများ၊ စက်ယန္တရားကြီးများ၊ ဒေသခံပြည်သူများ၏ လုပ်အားဒါန ပါဝင်မှုများဖြင့် အပျက်အစီးများအား စနစ်တကျရှင်းလင်းဖယ်ရှားခြင်း၊ ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရာ ယခုအခါတွင် ပြုပြင်မွမ်းမံမှုလုပ်ငန်းများပြီးစီးကာ အနယ်နယ် အရပ်ရပ်ရှိ ဘုရားဖူးလာပြည်သူများအနေနဲ့ ဝင်ရောက်ဖူးမြော်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)