“နောင်ချိုမြို့နယ်၌ အသက် ၁၅ နှစ်အောက်ကလေးများအား လိုအပ်သောကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေး လျက်ရှိ”

04 Sep

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရေး အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၂၄ ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများက နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းနှင့် အသက်ငါးနှစ်အောက် ကလေးများအား ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိပါတယ်။ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားနိုင်ခြေများပြီး အစုအဝေးဖြင့် နေထိုင်သောနေရာများမှ ကာကွယ်ဆေးများမရရှိခဲ့သည့် အသက် ၁၅ နှစ်အောက် ကလေးများအား အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း (Special Immunization Activities) နှင့် အမီလိုက် (Big Catchup) နည်းလမ်းတို့ဖြင့် ထိုးနှံတိုက်ကျွေးပေးလျက်ရှိပါတယ်။ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ စက်တင်ဘာလ ၂ ရက်အထိ နောင်ချိုမြို့နယ် နောင်ချိုမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ကျောင်းပေါင်း ၇၆ ကျောင်းနှင့် ကျောင်းသားပေါင်း ၁၂,၁၇၈ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။ မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၂,၀၅၄ ဦးအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အသက်ငါးနှစ်အောက်နှင့် အသက်အရွယ်အလိုက်လိုအပ်သော ကာကွယ် ဆေးများ မရရှိခဲ့သည့် အသက် ၁၅ နှစ်အောက် ကလေး ၉,၀၂၂ ဦးအား လိုအပ်သောကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ပြီးဖြစ်ပါတယ်။ (NVS-004)

04 Sep

ADVERTISE HERE .