မုံရွာ-စစ်ကိုင်းသွားကားလမ်းမပေါ်၌ ခရီးသည်တင်မော်တော်ယာဉ်အား အကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်

23 Aug

၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၂ တွင် မုံရွာမြို့မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်တွင် မုံရွာမြို့မှ မန္တလေးမြို့ဘက်သို့ ထွက်ခွာလာသော ယာဉ်မောင်း ဦးသန်းဌေးလင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ ဦးမြတ်စိုးသူနှင့် ခရီးသွားပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးစီးနင်း လိုက်ပါသည့် ရွှေမြန်မာယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်သည် ဩဂုတ်လ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့် ဂွေးပင်တောကျေးရွာအကြားသို့အရောက် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ၏ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးသန်းဌေးလင်း တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများရရှိကာ မော်တော်ယာဉ်ပေါ်တွင် သေဆုံးလျက်ရှိပြီး ခရီးသွားပြည်သူ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ချောင်းဦးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

23 Aug

ADVERTISE HERE .