ဟားမက်အဖွဲ့က လက်နက်ဖျက်သိမ်းခြင်း၊ ဓားစာခံများကို ပြန်လွှတ်ပေးခြင်းမပြုလျှင် ဂါဇာမြို့ကို ဖျက်ဆီးမည် ဟု အစ္စရေးကတိပြု

23 Aug

ဟားမက်အဖွဲ့အနေဖြင့် လက်နက်များကိုဖြုတ်သိမ်းခြင်း၊ ဖမ်းဆီးထားသော ကျန်ရှိသည့်ဓားစာခံများ အားလုံး ကို ပြန်လွှတ်ပေးခြင်း၊ အစ္စရေး၏သတ်မှတ်ချက်များအတိုင်း စစ်ပွဲကိုရပ်တန့်ရန် သဘောတူခြင်းတို့ မပြုလုပ်ပါက ဂါဇာမြို့ကိုဖျက်ဆီးပစ်မည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ကတိပြုထားသည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ကက် က ဩဂုတ်လ ၂၂ ရက်တွင်ပြောထားသည်။ ဂါဇာမြို့သည် ဟားမက်အဖွဲ့၏ အခြေစိုက်မြို့ဖြစ်ပြီး ရှည်လျားလှသော လိုဏ်ခေါင်းကွန်ရက်များဖြင့် ဆက်သွယ်ထားသည့်မြို့ဖြစ်ကြောင်း အစ္စရေးအစိုးရက ယုံကြည်ထားသည်။ ထို့ပြင် ယင်းမြို့သည် လက်ရှိဖြစ်ပွား နေသော စစ်ပွဲကြောင့် ပြည်သူများစွာ ခိုလှုံနေသည့်နေရာလည်းဖြစ်သည်။ အစ္စရေးနှင့်ဟားမက်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိစေရန် အာရပ်နိုင်ငံအချို့က ကြားဝင်စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ပေးလျက်ရှိသည်။ ယခုသီတင်းပတ်အစောပိုင်းတွင် စေ့စပ်ညှိနှိုင်းသူများအဆိုပြုသော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အချက်အလက် များကို သဘောတူကြောင်း၊ ထိုအချက်အလက်များကို အစ္စရေးကသာ သဘောတူပါက အစ္စရေး၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ဟန့်တားနိုင်မည်ဖြစ်ကြောင်း၊ သို့သော် ပါလက်စတိုင်းနိုင်ငံ မထူထောင်နိုင်သေးသမျှ ကာလပတ်လုံး လက်နက်ဖြုတ်သိမ်းမှုကို လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ဟားမက်အဖွဲ့ကပြောသည်။ အစ္စရေးအစိုးရသည် ဂါဇာမြို့ကိုသိမ်းပိုက်ရန် ဆုံးဖြတ်ချက်ချမှတ်ထားပြီးဖြစ်ကြောင်း၊ ထိုသို့သိမ်းပိုက်နိုင်ရေး အတွက် အရန်အင်အားများကို ဆင့်ခေါ်ထားသည့်အပြင် စစ်သည်အင်အားများကိုလည်း တိုးမြှင့်ထားကြောင်း သိရသည်။

23 Aug

ADVERTISE HERE .