ရုရှားနှင့် စေ့စပ်ဆွေးနွေးရန် အခြေခံမူနှင့်စပ်လျဉ်း၍ ဥရောပ-အမေရိကန် သဘောတူညီချက် ၅ ရပ် ရရှိဟု ဇယ်လန်းစကီး ဆို

14 Aug

ရုရှားနှင့်စေ့စပ်ဆွေးနွေးရန် အခြေခံမူနှင့်စပ်လျဉ်း၍ ဥရောပနှင့် အမေရိကန်နိုင်ငံ အကြီးအကဲများအကြား သဘောတူညီချက် ၅ ရပ် ရရှိခဲ့သည်ဟု ဂျာမနီနိုင်ငံမြို့တော် ဘာလင်သို့ ခရီးစဉ်ရောက်ရှိနေသော ယူကရိန်း သမ္မတ ဇယ်လန်းစကီး က ဂျာမနီဝန်ကြီးချုပ် Friedrich Merz နှင့် ဩဂုတ်လ ၁၃ ရက်တွင် ကျင်းပသည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီ၏ ထုတ်ပြန်သည့်သတင်းများအရ သိရသည်။ သဘောတူညီချက် ၅ ရပ်တွင် ရုရှား-ယူကရိန်း ပဋိပက္ခ၏ ငြိမ်းချမ်းစွာဖြေရှင်းရေး၌ ယူကရိန်းဘက်က တိုက်ရိုက်ပါဝင်ခြင်း၊ ယူကရိန်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်အလုံးစုံကို ယူကရိန်းနှင့်သာ ဆွေးနွေးခြင်း၊ ယူကရိန်း-အမေရိကန်-ရုရှား သုံးပွင့်ဆိုင် ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်သင့်ခြင်း၊ မဖြစ်မနေအပစ်ရပ်ပြီး ယူကရိန်းလုံခြုံရေး အာမခံမှုကို အတိအလင်းဖြစ်စေခြင်း၊ အပစ်ရပ်ရေးကို ရုရှားဘက်က သဘောတူညီမှုမရှိပါက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်ခြင်း စသည်တို့ပါဝင်ကြောင်း ဇယ်လန်းစကီး က ပြောကြားခဲ့သည်။ ဇယ်လန်းစကီး က ယင်းနေ့တွင် ၎င်းသည် Friedrich Merz နှင့်အတူ အမေရိကန်သမ္မတ ထရမ့်၊ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen၊ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Mark Rutte၊ ဖင်လန်သမ္မတ Alexander Stubb၊ ပြင်သစ်သမ္မတ မက်ခရွန်၊ အီတလီဝန်ကြီးချုပ် Giorgia Meloni၊ ပိုလန်သမ္မတ Karol Nawrocki စသည်တို့နှင့် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထရမ့် နှင့် ရုရှားသမ္မတ ပူတင် တို့သည် ဩဂုတ်လ ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာ ပြည်နယ်၌ တွေ့ဆုံဆွေးနွေးပွဲကျင်းပရန် သတ်မှတ်ထားသည်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စသည့် ဥရောပနိုင်ငံ ၆ နိုင်ငံ အကြီးအကဲများနှင့် Ursula von der Leyen သည် ဩဂုတ်လ ၉ ရက် ညပိုင်းက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်းသည့် မည်သည့်သံတမန်ရေးဖြေရှင်းမှု နည်းလမ်းမဆို ဥရောပနှင့် ယူကရိန်း၏ အရေးကြီးသည့် လုံခြုံရေးအကျိုးစီးပွားကို မုချမသွေကာကွယ်ထိန်းသိမ်းရန် တိုက်တွန်း ပြောကြားခဲ့သည်။

14 Aug

ADVERTISE HERE .