“ပဲခူးမြို့မှာ ခွေးလေခွေးလွင့်များကို ရှင်းလင်းချိန်တွင် နည်းအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးခြင်း၊ ဝှက်သိမ်းပေးထား ခြင်းများ မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်”

14 Aug

ပဲခူးမြို့မှာ အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးကို လေလွင့်ခွေးနှစ်ကောင်က ကိုက်ခဲ့၍ ပြင်းထန်ဒဏ်ရာ ရရှိတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် သုံးရက်အကြာမှာ ပဲခူးမြို့စည်ပင်သာယာရေးအဖွဲ့က “ခွေးချစ်သူများသို့ ပန်ကြားချက်” စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါပန်ကြားချက်မှာ ပဲခူးတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်တဲ့ ပဲခူးမြို့ကို သန့်ရှင်းသာယာလှပတဲ့မြို့တော်ဖြစ်စေ ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ခွေးချစ်သူများနှင့် အိမ်မွေးပိုင်ရှင်‌ များအနေနဲ့ မိမိတို့မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ခြံလှောင်စနစ်နဲ့ စနစ်တကျမွေးမြူခြင်း၊ သားဆက်ခြားဆေးများ ထိုးနှံခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ် ဆေးထိုးနှံခြင်းများ ဆောင်ရွက်ထားရှိဖို့နဲ့ အများပြည်သူဆိုင်ရာလမ်းများအပေါ် စည်းကမ်းမဲ့လွှတ်ကျောင်းခြင်း၊ ခွေးလေ ခွေးလွင့်တွေကို ခွေးစာကျွေးခြင်း၊ စည်ပင်မှခွေးလေခွေးလွင့်များကို ရှင်းလင်းချိန်တွင် နည်းအမျိုးမျိုးနဲ့ အနှောင့်အယှက် ပေးခြင်း၊ ဝှက်သိမ်းပေးထားခြင်းများ မပြုလုပ်ကြရန်နဲ့ တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက တည်ဆဲ ဥပဒေတွေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်လို့ ခွေးချစ်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပန်ကြားထားပါတယ်။ ပဲခူးမြို့မှာ အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ဦးကို ခွေးနှစ်ကောင်က ပြင်းထန်စွာ ကိုက်ဆွဲခဲ့တဲ့အတွက် ဒဏ်ရာများရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူလျက်ရှိပါတယ်။ (NVS 004)

14 Aug

ADVERTISE HERE .