ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ ထိပ်တန်းတာဝန်ရှိသူ တီဟီရန်သို့သွားရောက်၍ အီရန် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
13 Aug
ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးသည် သြဂုတ်လ ၁၁ ရက်က တီဟီရန်မြို့တွင် ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ရာ ယင်းမှာ အီရန်နိုင်ငံက အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်းငံ့ ခဲ့သည့် ဇွန်လမှစတင်၍ ပထမဆုံးအကြိမ်အဖြစ် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ် လာရောက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ ဒုတိယညွှန်ကြားရေးမှူးချူပ် Massimo Aparo က အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နျူကလီးယားဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပူးပေါင်းကူညီမှုရပ်တန့်ရန် တီဟီရန်၏ ဆုံးဖြတ်ချက်အပြီးတွင် ပူးပေါင်းဆောင်ရွက် ရေးအတွက် အနာဂတ်မူဘောင်တစ်ခုကို ဦးတည်၍ ဆွေးနွေးခဲ့ကြကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi က IRNA သတင်းဌာနသို့ ပြောကြားခဲ့သည်။ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် နှစ်ဖက် စလုံးက သဘောတူခဲ့ကြကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အီရန်ကိုယ်စားလှယ်အဖွဲ့မှ Gharibabadi က နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ အကြောင်းမဲ့ ကျုးကျော်ရန်လိုမှုအပေါ် တုံ့ပြန်ရန်ပျက်ကွက်မှုကို ဝေဖန်ပြောဆိုခဲ့ပြီး နိုင်ငံ၏ နျူကလီးယား အစီအစဥ်နှင့်စပ်လျဥ်း၍ အားနည်းသောလုပ်ငန်းစဥ်များအဖြစ် ပြောင်းလဲသတ်မှတ်ရန် အေဂျင်စီကို တောင်းဆို ခဲ့သည်။ ဇွန်လနှောင်းပိုင်းတွင် အစ္စရေးနှင့် အမေရိကန်တို့က ၎င်းတို့၏ နျူကလီးယားအဆောက်အအုံများကို လေကြောင်းမှတိုက်ခိုက်ခဲ့မှုနှင့် အဆိုပါလဆန်းပိုင်းက သိပ္ပံပညာရှင်များကို လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ ကြောင်း စွပ်စွဲချက်များဖြင့် အီရန်လွှတ်တော်က IAEA နှင့် ပူးပေါင်းလုပ်ဆောင်မှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။