“တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများကို တိုကင်စနစ်နဲ့ ထုတ်ပေးမည်”
13 Aug
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းထုတ်ပေးမှု ယာယီရပ်နားထားရာကနေ ဩဂုတ်လ ၁၃ ရက်က စတင်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် တိုကင်စနစ်နဲ့ ထုတ်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းတွေကို ပြီးခဲ့တဲ့ဇူလိုင်လ ၃၀ ရက်က စတင်ထုတ်ပေးခဲ့ပေမယ့် အမှတ်စာရင်း မှားယွင်းမှုတွေရှိခဲ့တာကြောင့် ဩဂုတ်လ ၄ ရက်မှာ ယာယီရပ်နားခဲ့တာ ဖြစ်ပါတယ်။ အခုအခါ ဩဂုတ်လ ၁၃ ရက်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်နဲ့ ရှမ်းပြည်နယ်တွေအတွက် အမှတ်စာရင်းတွေ ထုတ်ပေးမှာဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်မှာတော့ ဩဂုတ်လ ၁၃ ရက်က ထုတ်ပေးတဲ့ ပြည်နယ်တွေ အပါအဝင် စစ်ကိုင်း၊ တနင်္သာရီ၊ မကွေးနဲ့ ပဲခူးတိုင်းဒေသကြီးတွေအတွက်ပါ အမှတ်စာရင်းတွေ ထပ်မံထုတ်ပေးမယ်လို့ သိရပါတယ်။ ကျန်တဲ့ တိုင်းဒေသကြီးတွေ အတွက် အမှတ်စာရင်းထုတ်ပေးမယ့်ရက်ကို ဆက်လက်ကြေညာပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမှတ်စာရင်းတွေ ထုတ်ပေးရာမှာ နေပြည်တော်ရုံးချုပ်မှာ ကောင်တာ ၄ ခု၊ ရန်ကုန်ရုံးခွဲမှာ ကောင်တာ ၁၀ ခု ဖွင့်လှစ်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကောင်တာတွေ သတ်မှတ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ အမှတ်စာရင်း ထုတ်ပေးရာမှာ တိုကင်စနစ်နဲ့ ထုတ်ပေးမှာဖြစ်ပြီး ကနဦးတိုကင်အခု ၅၀ ထုတ်ပေးဆောင်ရွက်သွားမှာဖြစ်သလို အမှတ် စာရင်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှုအပေါ်မူတည်ပြီး တိုးမြှင့်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ အမှတ်စာရင်း ထုတ်ပေးရာမှာ တစ်ယောက်ကို အများဆုံး ၃ စောင်အထိသာ လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ တိုကင်ထုတ်ယူဖို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ ကျောင်းသားကတ်၊ အခြား အထောက်အထားကတ်(ID) တစ်ခုခုယူဆောင်လာရမယ်လို့ ထုတ်ပြန်ထားပါတယ်။ အမှတ်စာရင်းလျှောက်လွှာမှာ ခုံအမှတ်၊ အမည်၊ အောင်/ရှုံး၊ ဂုဏ်ထူးရဘာသာတွေ ဖြည့်စွက်တင်သွင်းရမှာဖြစ်ပြီး အချက်အလက်မပြည့်စုံတဲ့ လျှောက် လွှာတွေကို လက်ခံဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ (NVS 004)