(၇၉)နှစ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

12 Aug

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် ကျရောက်မည့် အိန္ဒိယနိုင်ငံ၏ (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ် အမှတ်(၁၅)မိုးကောင်းလမ်းရှိ မြဝတီမီဒီယာ စင်တာတွင် ဩဂုတ်လ ၁၂ ရက် ယနေ့ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးတင်အောင်စန်းနှင့် ဇနီး၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် သံတမန်များ၊ စစ်သံမှူးများ၊ သံရုံးကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံသံရုံးတာဝန်ရှိသူများက ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr.Abhay Thakur က (၇၉) နှစ်မြောက် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အကြို ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပရခြင်းနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် သမိုင်းဝင် အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ရေး သဘော တူညီချက်အဖြစ် အပြည်ပြည်ဆိုင်ရာ အဝင်/အထွက် စစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ကျွန်ုပ်တို့၏ ၁,၆၄၃ ကီလိုမီတာ ရှည်လျားသော နယ်နိမိတ်၏ နယ်နိမိတ်မြေပုံ ၄၅ ခုအနက် ၃၆ ခုကို ပြီးခဲ့သည့် လက အာဏာပိုင်အဆင့်ဖြင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၄-၂၅ ဘဏ္ဍာ နှစ်တွင် ကျွန်ုပ်တို့နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ၂၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိခဲ့ကာ နောင်နှစ်များအတွက် အလားအလာကောင်းများရှိနေပါကြောင်း၊ ကျွန်ုပ်တို့၏ တူညီသောယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ဆက်သွယ်မှုများကို ထိန်းသိမ်းရန်နှင့် မြှင့်တင်ရန်လည်း အပြည့်အဝကတိကဝတ်ပြုထားပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာကြသူများအား ဆွာမိ ဗိဝေကာနန္ဒာ ယဉ်ကျေးမှုစင်တာ၊ အိန္ဒိယသံရုံး၊ ရန်ကုန်နှင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းတင်ဆက်သည့် ပူရုလီရ ချာဟူး အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး အိန္ဒိယရိုးရာ ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရပါတယ်။(NVS 005)

12 Aug

ADVERTISE HERE .