လူငယ်တိုက်စစ်မှူး ဂါဇီယာ ကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ရီးရဲလ်အသင်း
12 Aug
ရီးရဲလ်မက်ဒရစ်အသင်းက အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂါဇီယာ ကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး ဂါဇီယာ ကို ရီးရဲလ်မက်ဒရစ်အသင်းက စာချုပ်ဖျက်သိမ်းကြေး စတာလင်ပေါင် သန်း ၁,၀၀၀ အထိထည့်သွင်းကာ စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူး ဂါစီယာ အနေနဲ့ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လေးဂိုးသွင်းယူခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့တဲ့အပြင် လစ်လပ်နေရှိတဲ့ အသင်းတိုက်စစ်မှူးဟောင်း ဟိုဆေးလူ ရဲ့နေရာမှာ အဓိက စွမ်းဆောင်နိုင်မယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက ယုံကြည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဂါစီယာ ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဂိုးသွင်းအများဆုံးကစားသမားဆုတွင် ဒီမာရီယာ၊ ဂီဟာဆီ၊ လီယိုနာဒို တို့နှင့် သွင်းဂိုးလေးဂိုးစီ တူညီခဲ့ပေမယ့် ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်လို့ အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဂါစီယာ ဟာ ရီးရဲလ်မက်ဒရစ်အရန်အသင်းရဲ့ လူငယ်တိုက်စစ်မှူးဖြစ်ပြီး အသင်းကြီးတွင် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှသာ စတင်ပါဝင်ကစားခဲ့သူဖြစ်ကာ ယခုဘောလုံးရာသီသစ်တွင် ကျောနံပါတ် ၁၆ ကို ဝတ်ဆင် ကစားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)